Pages

Sunday, February 24, 2013

အစိုးရနှင့် ကေအိုင်အို ထပ်မံတွေ့ဆုံဆွေးနွေးရန် မတ်လပထမပတ်တွင် ဖြစ်ဖွယ်ရှိ

အစိုးရနှင့် ကေအိုင်အို ထပ်မံတွေ့ဆုံဆွေးနွေးရန် မတ်လပထမပတ်တွင် ဖြစ်ဖွယ်ရှိ

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)နှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန်မှာ မတ်လပထမပတ်အတွင်းတွင် ဖြစ်နိုင်လိမ့်မည်ဟု ခန့်မှန်းကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) ပြောကြားလိုက်သည်။
တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပွားပြီးနောက် ပထမအကြိမ် ပြန်လည်တွေ့ဆုံခြင်းကို တရုတ်အစိုးရ၏ ကြားဝင်ကူညီမှု့ဖြင့် ဖေဖေါ်ဝါရီ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ပြီး ဖေဖေါ်ဝါရီလမကုန်မီ ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံရန် သဘောတူညီခဲ့ကြသည်။

“ရွှေလီ(အစည်းအဝေး)က ရက်ချိန်းတောင်းနေတုန်း၊ ရက်ချိန်းရရင်သွားကြမှာ၊ မတ်လပထမပတ်လောက် ဖြစ်မလားမသိဘူး။ တွက်ကြည့်တာပေါ့”ဟု ဝန်ကြီး ဦးအောင်မင်းက မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ၏အမေးကို ဖြေကြားသည်။

ယခုထပ်မံတွေ့ဆုံမည့် ဆွေးနွေးပွဲတွင် တပ်များနေရာချထားရေး ကိစ္စကို ဆွေးနွေး သွားနိုင်ဖွယ်ရှိကြောင်းလည်း သတင်းထောက်များ၏မေးမြန်း မှု့ကို ၀န်ကြီးကဖြေကြားခဲ့သည်။ “ဒီတစ်ခေါက်တော့ သူတို့တပ်နေရာတွေပေးမယ်ထင်တာပေါ့။တစ်ထိုင်တည်း ဆုံးဖြတ်ဖို့ကတော့ မဖြစ်နိုင်သေးဘူးထင်တယ်” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ညီညွှတ်သောတိုင်းရင်းသား များဖက်ဒရယ်ကောင်စီ(UNFC) နှင့် ပထမအကြိမ် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် Framework meeting ကို ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၂၀ရက်က ပြုလုပ်ခဲ့ပြီး ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက်ရရှိခဲ့ကာ ထိုအစည်းအဝေးရလဒ်ကိုလည်း အားရကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။

RND: 24.2.2013
7Day News Journal

0 comments:

Post a Comment