Pages

Sunday, February 24, 2013

မြန်မာနိုင်ငံ၌ အသက် ၆၀ နှစ်နှင့်အထက် လူဦးရေ ခြောက်သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အို များပြားလာ

2.20.2
ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း တစ်နေရာတွင် တွေ့ရသည့် သက်ကြီးရွယ်အိုတစ်ဦး

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့် အထက် လူဦးရေ ခြောက်သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အိုလည်း များပြားလာကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်က မြန်မာနိုင်ငံ ဆရာဝန်အသင်းတွင် ကျင်းပခဲ့သည့် Day Care Center တစ်နှစ်ပြည့် အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်က “သန်းခေါင်စာရင်းတွေအရ လူ ၁၀ ဦးမှာ တစ်ဦးနှုန်းက အသက် ၆၀ နှစ်နဲ့ အထက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပြည်လုံး အတိုင်းအတာနဲ့ဆိုရင် အသက် ၆၀ နှစ်နဲ့အထက် လူဦးရေဟာ ခြောက်သန်းခန့် ရှိနေပါပြီ။ ဒါ့အပြင် အသက် ၆၀-၇၅ နှစ်အထိ ကို Young old၊ အသက် ၈၀ နှစ်အထက်ကို old old လို့ ခွဲခြားထားပြန်သေးတယ်။ 

အဲဒီအထက်မှာ ၈၀ အထက်၊ ၈၅၊ ၉၀ သက်ကြီးရွယ်အိုတွေလည်း များပြားလာတာကို တွေ့ရတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးစနိုင်ငံများတွင် ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်း၊ ကူးစက်ရောဂါများကို ကာကွယ်တားဆီး နှိမ်နှင်းခြင်း လုပ်ငန်းများကို ယခင်ကထက် ပိုမိုဆောင်ရွက်မှုများ ရှိလာခြင်းကြောင့် လူများ၏ သက်တမ်းမှာလည်း ပိုမိုမြင့်တက်လာရခြင်း ဖြစ်ကြောင်း၊ ယင်းနိုင်ငံများတွင် မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေများအရ သက်ကြီးရွယ်အိုများအား အဘက်ဘက်မှ ပြုစုစောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်မှုပေးမည့် သူမှာလည်း မရှိမဖြစ် အရေးပါ၍ အရည်အသွေး ပြည့်ဝသည့် ပြုစုစောင့်ရှောက်သူများ ပေါ်ပေါက်လာနိုင်ရန် သင်တန်းပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌သာမက ကမ္ဘာတစ်ဝန်းတွင်ပါ သက်ကြီးရွယ်အို တိုးပွားလာမှု ပြဿနာကို ရင်ဆိုင်နေရပြီး အာရှဒေသများ အတွင်းတွင်လည်း အဆိုပါအရေးမှာ ဆွေးနွေးဖွယ် ဖြစ်လာလျက်ရှိကာ ယခုအခါတွင် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို အရေအတွက်မှာ နှစ်စဉ် ၂ ဒသမ ၀ ရာခိုင်နှုန်းမျှ တိုးတက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဦးရေမှာ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်၌ ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ပြီး လက်ရှိကာလတွင် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ သက်ကြီးရွယ်အို အရေအတွက်မှာ လက်ရှိအချိန်တွင် စုစုပေါင်းလူဦးရေ၏ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မိသားစု လူနေမှုပုံစံများ ပြောင်းလဲလာပြီဖြစ်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ များအတွက် စောင့်ရှောက်ရန် လိုအပ်ချက်များ ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေ မြင့်တက်လာသော်လည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ၏ ပျမ်းမျှလူ့သက်တမ်းနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း Asia Development Bank ( ADB) က ထုတ်ပြန်ခဲ့သည့် Myanmar in Transition အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၌ ၀င်ငွေနှင့် အခြေခံ ၀န်ဆောင်မှုများဖြစ်သော ရေ၊ အိမ်ရာ၊ ပညာရေးနှင့် ကျန်းမာရေးကဲ့သို့သော ၀န်ဆောင်မှုများ ရရှိမှုတွင် မြန်မာတစ်နိုင်ငံလုံးတွင် ကွာဟချက်များ ကြီးကြီးမားမား ရှိနေကြောင်းလည်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးမှု စီမံကိန်း ရည်မှန်းချက်အရ လူ့မျှော်မှန်း သက်တမ်းအား ၂၀၂၁ ခုနှစ်တွင် ၇၁ နှစ်မှ ၇၅ နှစ် အထိ ရှိလာရန် လျာထားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ယဉ်ကျေးမှုအရ သက်ကြီးရွယ်အို စောင့်ရှောက်ရေးမှာ ပြဿနာတစ်ရပ် မဟုတ်သေးသော်လည်း နောင်တွင် လူဦးရေ တဖြည်းဖြည်း တိုးတက်လာမည့် အချိန်၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ အရေးကိစ္စမှာ ထည့်မတွက်လျှင် မရတော့မည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
အရှေ့တောင်အာရှဒေသ နိုင်ငံများ၏ ပျမ်းမျှလူ့သက်တမ်း (၂၀၀၅-၂၀၁၀)
စဉ် နိုင်ငံ ကျား
၁။ ဘရူနိုင်း ၈၀ နှစ် ၇၅.၃ နှစ်
၂။ ကမ္ဘောဒီးယား ၆၂.၆ နှစ် ၆၀.၂ နှစ်
၃။ အင်ဒိုနီးရှား ၆၉.၄ နှစ် ၆၆.၃ နှစ်
၎။  လာအို ၆၇.၃ နှစ် ၆၄.၈ နှစ်
၅။ မလေးရှား ၇၅.၇ နှစ် ၇၁.၂ နှစ်
၆။  မြန်မာ ၆၅ နှစ် ၆၂.၁ နှစ်
၇။  ဖိလစ်ပိုင် ၇၁.၃ နှစ် ၆၄.၅ နှစ်
၈။ စင်ကာပူ ၈၂.၇ နှစ် ၇၈.၅ နှစ်
၉။ ထိုင်း ၇၇.၁ နှစ် ၇၀.၂ နှစ်
၁၀။ အရှေ့တီမော ၆၁.၇ နှစ် ၅၉.၉ နှစ်
၁၁။ ဗီယက်နမ် ၇၆.၂ နှစ် ၇၂.၃ နှစ်
Ref: Statistical Yearbook for Asia and the Pacific 2011

စဉ် နိုင်ငံ ကျား
၁။ ဘရူနိုင်း ၈၀ နှစ် ၇၅.၃ နှစ်
၂။ ကမ္ဘောဒီးယား ၆၂.၆ နှစ် ၆၀.၂ နှစ်
၃။ အင်ဒိုနီးရှား ၆၉.၄ နှစ် ၆၆.၃ နှစ်
၎။  လာအို ၆၇.၃ နှစ် ၆၄.၈ နှစ်
၅။ မလေးရှား ၇၅.၇ နှစ် ၇၁.၂ နှစ်
၆။  မြန်မာ ၆၅ နှစ် ၆၂.၁ နှစ်
၇။  ဖိလစ်ပိုင် ၇၁.၃ နှစ် ၆၄.၅ နှစ်
၈။ စင်ကာပူ ၈၂.၇ နှစ် ၇၈.၅ နှစ်
၉။ ထိုင်း ၇၇.၁ နှစ် ၇၀.၂ နှစ်
၁၀။ အရှေ့တီမော ၆၁.၇ နှစ် ၅၉.၉ နှစ်
၁၁။ ဗီယက်နမ် ၇၆.၂ နှစ် ၇၂.၃ နှစ်

RND: 24.2.2013
Eleven Media Group:

0 comments:

Post a Comment