Pages

Tuesday, February 12, 2013

မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး တစ်ဝန်းလုံးကို အထပ် ၄၅ ထပ်အမြင့်ရှိ အဆောက်အအုံ ဆောက်လုပ်ပြီး စီးပွားဖြစ်လုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းမည့်အစီအစဉ်အား ဆရာဝန်အများစုမှ လက်မခံ


Tuesday, 12 February 2013
ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး တစ်ဝန်းလုံးအား စီးပွားဖြစ်လုပ်ကိုင်ရန်အတွက် ပုဂ္ဂလိကသို့ လွှဲပြောင်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း၏ အသင်းဝင်ဆရာ ၀န်များက ပြောကြားခဲ့သည်။
ကနဦးကြား သိရသည့် သတင်းများအရ မြန်မာနိုင်ငံဆရာဝန်အသင်းရုံး နေရာအား ၄၅ ထပ်အမြင့်ရှိ အထပ်မြင့် အဆောက်အအုံတစ်လုံးနှင့် ၃၅ ထပ်အမြင့်ရှိ အထပ်မြင့် အဆောက်အအုံတစ်လုံးတို့ကို ဆောက်လုပ်ရန်အတွက် ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဟု သိရသည်။

ထိုသို့ လွှဲပြောင်းမည့် အစီအစဉ်အား သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ သို့သော် အဆိုပါ အစီအစဉ်အား မြန်မာနိုင်ငံဆရာဝန်အသင်း၏ အသင်းဝင်များပင် မသိရှိရပဲ ယခုသတင်းထွက်ပေါ်မှသာ သိရှိရခြင်းဖြစ်ကြောင်း အသင်းဝင်ဆရာဝန်များက ဆိုသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံးအား စီးပွားဖြစ်လုပ်ကိုင်ရန်အတွက် ပုဂ္ဂလိကသို့ လွှဲပြောင်းမည့်အပေါ် မြန်မာနိုင်ငံ ဆရာဝန်အသင်းအ သင်းဝင် ဆရာဝန်အများစုက လက်မခံကြောင်းနှင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


လက်ရှိတွင်လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းအား ပုဂ္ဂကသို့ လွှဲပြောင်းပြီး စီးပွားဖြစ်လုပ်ကိုင်မည့်အပေါ် ဒေါက်တာအောင်ခင်ဆင့်မှ ပြည်တွင်းထုတ် ဂျာနယ်အချို့တွင် လက်မခံကြောင်းနှင့် ရောင်းချမှု အထမမြောက်စေရန် ၀ိုင်းဝန်းလုပ်ဆောင်မည့်အကြောင်း ဆောင်းပါးရေးသား ဝေဖန်လျက်ရှိသည်။
မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်း နှစ်ပတ်လည် ညီလာခံအစည်းအဝေးအပြီးတွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 


အသင်းရုံးအား ပုဂ္ဂလိကသို့ ရောင်းချမည့်အပေါ် အသင်းဝင်များအား ထင်သာမြင်သာ ချပြခြင်းမရှိဘဲ လျို့ဝှက်လုပ်ဆောင်ခြင်းမှာ နည်းလမ်းမကျကြောင်း၊ အသင်းရုံးအား ပုဂ္ဂလိကသို့ လွှဲပြောင်းရလောက်အောင် ငွေကြေးချို့တဲ့မှု မရှိခြင်း၊ လက်ရှိတွင်လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံးအနေဖြင့် မင်္ဂလာဆောင်၊ စားသောက်ဆိုင်၊ ရုံးခန်းများအဖြစ် ငှားရမ်းခြင်းမှ ၀င်ငွေ များစွာ ရရှိနေခြင်း စသည့်အချက်များကို ထောက်ရှုခြင်းဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းစရာမလိုကြောင်း အသင်းဝင်ဆရာဝန်များက သုံးသပ်ပြောကြားခဲ့သည်။

''ငွေရရင် ဘာလုပ်မှာလဲ။ အခုလည်း အသင်းရုံးမှာ စီးပွားဖြစ် ငှားတာတွေကနေ တစ်လကို ကျပ်သိန်းပေါင်းများစွာ ရနေတာပဲ။ ငွေရဖို့မှ မလိုတော့တာ။ ဘာကြောင့် လွှဲချင်တယ်ဆိုတာကိုလည်း အသင်းဝင်တွေတောင် မသိဘူး ကြိတ်လုပ်နေတာက နည်းလမ်းအရကြည့်ရင် ရိုးသားမှုမရှိဘူးလို့ ပြောရမှာပဲ။ ဒီအသင်းရုံးလွှဲတဲ့ အစီအစဉ်ကို လုံးဝကန့်ကွက်သွားမယ်၊ လက်မခံဘူး။ 


ကျွန်တော့်သူငယ်ချင်း ဆရာဝန်တွေကိုလည်း မေးပြီးပြီ လက်မခံကြဘူး။ သတင်းကိုတောင် အခုမှကြားကြရတာ။ ဆရာအောင်ခင်ဆင့်ကတော့ တရားဝင် ဆောင်းပါးရေးပြီးတော့ကို လက်မခံတဲ့အကြောင်းနဲ့ စုပေါင်းပြီးလုပ်ဖို့ တိုက်တွန်းနေပြီ''ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အသင်းဝင် ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ၀န်ကြီးဌာနပိုင်၊ နိုင်ငံတော်ပိုင် မြေကွက်၊ စက်ရုံအလုပ်ရုံနှင့် လုပ်ငန်းများမှာ ပုဂ္ဂလိ ကလက်သို့ အများစုရောက်ရှိသွားပြီး အနည်းငယ်သာ ကျန်ရှိတော့သည့် အခြေအနေဖြစ်သည်။
အချို့မြေကွက်၊ အဆောက်အအုံများမှာ ထိန်းသိမ်းထားရတော့မည့်အစား လက်ဝါးကြီးအုပ် လုပ်ငန်းရှင်များ လိုချင်သည့်အတိုင်း လုပ်ငန်းအရှုံးပြ၍ ပုဂ္ဂလိကလွှဲခြင်း၊ အများပြည်သူ စီမံချက်အကြောင်းပြကာ ပုဂ္ဂလိကလွှဲခြင်း၊ နိုင်ငံတွင် လုပ်ငန်းကြီးများ တိုးချဲ့ရန်လိုသည်ဆိုကာ ပုဂ္ဂလိကလွှဲခြင်း စသည်ဖြင့် နည်းလမ်းစုံဖြင့် ခေတ်အဆက်ဆက် လွှဲပြောင်းလျက်ရှိရာ ယခုအစိုးရ သစ်လက်ထက် ၂ နှစ်အတွင်း၌ပင် ပုဂ္ဂလိကလက်သို့ များစွာရောက်ရှိသွားပြီဖြစ်သည်။


 Eleven Media Group

0 comments:

Post a Comment