Pages

Monday, January 28, 2013

ထိုင်း-မြန်မာနယ်စပ်ကျောင်းများ ကို ပညာရေးကွန်ရက်က ကျပ် ၁၂၈ သိန်းကျော် လှူဒါန်း

ထိုင်း-မြန်မာနယ်စပ်ကျောင်းများကို ပညာရေးကွန်ရက်က ကျပ် ၁၂၈ သိန်းကျော် လှူဒါန်း

ရွှေအောင်၊ DVB ဇန်န၀ါရီ-၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျောင်းတွေကို အလှူငွေ ကျပ် ၁၂၈ သိန်းကျော်လှူဒါန်းပွဲတခု ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ပညာရေးကွန်ရက်က ပြုလုပ်ခဲ့တဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေဂီတပွဲတော်မှာ ရရှိတဲ့ ငွေတွေထဲက ထိုင်း-မြန်မာနယ်စပ်က ကျောင်းတွေကို အခုလို ပထမဆုံး လာရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အလှူငွေ ပေးအပ်ပွဲကို ဒီနေ့မနက် မြ၀တီမြို့က မြ၀တီဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး အလှူငွေခွဲဝေ လှူဒါန်းခဲ့ပုံကို မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဆရာ ဦးနိုင်နိုင်ထွန်းက ပြောပြပါတယ်။

    “လစာမရတဲ့ ဆရာ၊ ဆရာမတွေကို တယောက်ကို ကျပ်ငွေ ၂ သိန်းစီ။ ဆရာ၊ ဆရာမ အားလုံးပေါင်းက ၄၉ ယောက်။ ၄၉ ယောက်အပြင် ပညာရေးကွန်ရက်ကို တိုက်ရိုက် လှမ်းအကူအညီတောင်းထားတဲ့ ဆရာကြီး ဦးခိုင်အုန်းမောင်ကျောင်းပါတယ်။ နောက် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတွေ ထူထောင်ထားတဲ့ ရောင်နီဦးကျောင်းပါတယ်။ အဲ ၂ ကျောင်းကို ကျောင်းအလိုက်ပဲ ၁၀ သိန်းစီ။ နောက် ထပ်ဆောင်းအကူအညီအနေနဲ့ အပြင်ကနေ ဒီအစီအစဉ်ကို သိပြီး လာလှူဒါန်းတဲ့ ပိုက်ဆံထဲကနေ ဟိုတလောက ပေါင်မုန့်စက်ရုံမီးလောင်တုန်းက ပါသွားတဲ့ ကျောင်းလေးအတွက် ကျောင်းသုံးပရိဘောဂပစ္စည်းတွေ ၀ယ်ဖို့ ၅ သိန်း လှူဒါန်းခဲ့ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ မူဝါဒ ၄ ချက်ထဲမှာ နယ်စပ်ဒေသမှာရှိတဲ့ ကျောင်းသားကလေးငယ်တွေနဲ့ ကျောင်းတွေကို လှူဒါန်းမယ့် မူ ၁ ချက်ပါဝင်တယ်။

မြန်မာတနိုင်ငံလုံးရှိ နယ်စပ်ဒေသကလေးငယ်တွေ အားလုံးကို ဆက်လက်လှူဒါန်းဖို့လည်း ရှိပြီး ရခိုင်နဲ့ ကချင်ပြည်နယ်နယ်စပ်က ကျောင်းတွေနဲ့ ကလေးတွေကိုလည်း ဆက်လက်လှူဒါန်းသွားဖို့ရှိကြောင်း၊ နယ်စပ်ကျောင်းတွေလှူဒါန်းဖို့ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို စာသင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၈၀ ကျော် ရှိပြီး အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

DVB TV News:

0 comments:

Post a Comment