Pages

Friday, December 21, 2012

နာရေးကူညီမှုအသင်း၏ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် လာရောက်ကုသသော လူဦးရေတိုးပွားလာပြီး ညအိပ်စောင့်ဆိုင်းသူများပင် ရှိနေ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နာရေးကူညီမူအသင်း (ရန်ကုန်) မှ အခမဲ့ ကုသပေးလျှက်ရှိသော သုခကုသိုလ်ဖြစ် ဆေးခန်းတွင် လာရောက်ကုသသော လူနာဦးရေမှာ အရင်နှစ်ထက် တိုးလာပြီး ညအိပ်စောင့်ဆိုင်းနေသူများပင် ရှိလာကြောင်း ယင်းကုသိုလ်ဖြစ် ဆေးခန်းကို တည်ထောင်သူ နာရေးကူညီမူ အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ပြောပြချက်အရ သိရသည်။ အဆိုပါ ဆေးခန်းတွင် နယ်အသီးသီးမှ လူနာများလည်း လာရောက်ကုသလျက် ရှိကြောင်းကိုလည်း သိရသည်။ “ကုသိုလ်ဖြစ်ဆေးခန်းမှာ လာရောက်ကုသတဲ့ လူနာဦးရေဟာ အရင်နှစ်ကထက် အများကြီးတိုးလာတယ် အရင်နှစ်ကထက် လူနာဦးရေ ၂၀၀ ကျော် တိုးလာတယ် ချင်းပြည်နယ်၊ ဧရာဝတီတိုင်း အဲ့လို နယ်ကလာတဲ့သူတွေတောင် ရှိတယ် တချို့ဆေးကုသမှု အရေးတကြီး လိုအပ်နေတဲ့ လူတွေဆိုရင် ညအိပ်စောင့်ရတဲ့ သူတွေရှိတယ် ဒီလိုဒီမိုကရေစီ ကူးပြောင်းတဲ့ကာလမှာ အောက်ခြေအခြေခံ လူတန်းစားတွေရဲ့ စီးပွားရေး လူမှုရေး ကျန်းမာရေး အခြေအနေဟာ သိသိသာသာကြီး တိုးတက်လာတာကို မတွေ့ရပါဘူး အစိုးရအနေနဲ့ ကျွန်တော်တို့ နာရေးကူညီမှုအသင်းကို ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲဖြစ်ဖြစ် လာရောက်ပြီး လေ့လာမယ်ဆိုရင် ဘယ်ကနေစပြီး လုပ်ဆောင်ရမယ် ဆိုတာကို ပိုသိလာမှာပါ” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

ကုသိုလ်ဖြစ် ဆေးခန်းတွင် ပြသရန်အတွက် ညအိပ်စောင့်နေသော လူနာတစ်ဦးမှ “အဒေါ့်နာမည်က နီနီအေးပါ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၃ ရပ်ကွက်မှာ နေပါတယ် အခုညီမလေးနဲ့အတူ လာစောင့်ပေးတာပါ ညီမလေးက ကိုယ်ဝန်ပြမလို့ပါ အိမ်မှာက မိသားစု ရှစ်ဦးရှိပါတယ် စီးပွားရေးက မပြေလည်ပါဘူး ဒီနှစ်အတွင်းမှာလည်း သိသိသာသာကြီး ပြောင်းလဲလာတာ မရှိပါဘူး ဒီမှာလာပြတာက ဒါနဲ့ဆို နှစ်ခါရှိပါပြီ အရင်က အဒေါ့်အမျိုးသား လေဖြတ်တာ လာပြဖူးပါတယ် လုံးဝပျောက်ကင်းသွားပါပြီ မနက်ဆို လူအရမ်း များလွန်းလို့ ညကတည်းက လာစောင့်နေတာပါ” ဟု ပြောပြခဲ့သည်။
 
Eleven Media Group 

0 comments:

Post a Comment