Pages

Tuesday, December 4, 2012

ဒဏ်ရာရ သံဃာများ ကုသရေး ရွှေညဝါဆရာတော်၏ ထိုင်းနိုင်ငံ တရားပွဲ ခရီးစဉ်

လက်ပန်းတောင်း သပိတ်စခန်း ဖြိုခွင်းခံရစဉ်က ဒဏ်ရာ ရရှိခဲ့သော ကိုယ်တော်များဆေးဝါး ကုသနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင်းတရားပွဲများလှည့်လည် ဟောပြောခြင်းဖြင့်ကုသိုလ်ပြုရန် ရွှေညဝါဆရာတော်ကစီစဉ်ထားသည်။  
 မြန်မာပြည်တွင်း တရားဟောပွဲ အပိတ်ပင် ခံထားရ၍ ထိုင်းနိုင်ငံ၌ အင်္ဂါနေ့မှ စတင်ကာ ဒီဇင်္ဘာလ ၁၆ ရက်နေ့ထိ တရားပွဲ ပြုလုပ်မည်ဟု ရွှေညဝါ ဆရာတော် ဦးပညာသီဟ က မိန့်ဆိုသည်။
“ဒါက ဘုန်းကြီးရဲ့ ရည်ရွယ်ချက်ပါ။ အမျိုးသားရေးအတွက်၊ ဘာသာ သာသနာ ရေးအတွက် ဘုန်းကြီး လုပ်ပေးရမယ့် တာဝန်တွေ အများကြီး ကျန်ပါသေးတယ်။ အဲဒါ ဘုန်းကြီး လုပ်ပေးဖို့အတွက် ထိုင်းနိုင်ငံ ခရီးစဉ်ကို လုပ်ရတာပါ။ ဘုန်းကြီးတို့ကလည်း ပြည်တွင်းမှာ တရားဟောခွင့် ပိတ်ပင် ခံထားရတာကိုး။ ဒါကြောင့် ဒီဘက်ကို ကြွဟော၊ ရလာတဲ့ ဓမ္မပူဇာ တွေကို ဒဏ်ရာရတဲ့ ကိုယ်တော်တွေ ဆေးဝါး ကုသနိုင်ဖို့အတွက် လှူဒါန်းသွားမယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ယခု ထိုင်းနိုင်ငံ တရားပွဲခရီးစဉ်သို့ မလာရောက်မီကလည်း ၈၈ မျိုးဆက် ကျောင်းသား များနှင့် အတူတူ သွားရောက် ကာ ဒဏ်ရာရ သံဃာတော်များအား သင်္ကန်း၊ မျက်နှာ သုတ်ပဝါ၊ လူပုဂ္ဂိုလ် အပါအဝင် အလှူငွေ တပါးအား ငါးသောင်းကျပ် နှုန်းဖြင့် ကာလ တန်ဖိုး ကျပ်သိန်း ၄ဝ ခန့် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းလည်း ဆရာတော်က မိန့်သည်။

ယနေ့ ဒီဇင်္ဘာလ ၄ ရက်နေ့ ည ၇ နာရီ တွင် စမွတ်ပရာကန် ခရိုင်၌ တရားပွဲ ပြုလုပ်ရန် ရှိသည်ဟု သိရှိရသည်။ ထို့ပြင် ဒီဇင်ဘာ ၉ ရက်နေ့တွင် စမွတ်စာခွန် ခရိုင်၊ မဟာချိုင်ဒေသနှင့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ချင်းမိုင်မြို့တို့၌ တရားပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။

ဒဏ်ရာရသည့် ကိုယ်တော်များမှာလည်း ဒဏ်ရာအခြေအနေနျင့်ပတ်သက်၍လည်း “ဒဏ်ရာ အနေအထားကတော့
နောက်ထပ် လူစဉ်မီနိုင်စရာ အကြောင်း မရှိတော့ပါဘူး။ ဘုန်းကြီးတို့ကတော့ ဘုန်းကြီးလိုပဲ ပြောတတ်တယ်။ ပညာရှင်တွေလိုတော့ ဓါတု လက်နက်တွေ၊ ဘာလက်နက်တွေ၊ ညာလက်နက်တွေ လို့တော့ မပြော တတ်ဘူး။ မျက်စိထိရင် မျက်စိ ပြန်မြင်ရမယ့် အလားအလာ မရှိတော့ ပါဘူး။ ကိုယ်တော်တွေရဲ့ အခြေအနေကတော့ အတော်လေး ဆိုးပါတယ်” ဟု ဒဏ်ရာရရှိသည့် ကိုယ်တော်များကို အနီးကပ် သွားရောက် ကြည့်ရှူခဲ့သည့် ရွှေညဝါ ဆရာတော်က မိန့်ဆိုသည်။

ဒဏ်ရာများမှာ အသားအရေပေါ်၌ မီးလောင်ကျွမ်းခဲ့၍ ပြည်တည်နေပြီး စိုနေသည်ဟု ဆရာတော်က မိန့်သည်။
ဆေးရုံ၌ ကုသနေသော ကိုယ်တော် အပါးပေါင်း ၃ဝ ခန့်၊ ဒဏ်ရာ မပြင်းထန်၍ ကျောင်းတိုက်၌ ကုသနေသော ကိုယ်တော်ပေါင်း ၃ဝ ခန့်နှင့် လူပုဂ္ဂိုလ်ပေါင်း ၃ဝ ခန့် ရှိသည်ဟု ဆိုသည်။

ရွှေညဝါ ဆရာတော်သည် ထိုင်းနိုင်ငံသို့ မကြာခဏ ကြွရောက်၍ တရားဟောပြောလေ့ ရှိကာ တနှစ်လျှင် လေးခေါက် ခန့် ရောက်ကြောင်း သိရသည်။

ဆရာတော်အား ဓမ္မပူဇာ သဒ္ဒါ ထက်သန် လှူဒါန်းလိုလျှင် ဖော်ပြပါ +(66) 90 549 4281 ဖုန်းနံပါတ်တို့ တိုက်ရိုက်
ခေါ်ဆိုကာ ဆက်သွယ် လှူဒါန်းနိုင်ကြကြောင်း ရွှေညဝါ ဆရာတော် ဦးပညာသီဟ က နှိုးဆော်ထားသည်။

စံခလပူရီ (မဇ္ဈိမ) 

0 comments:

Post a Comment