Pages

Friday, November 30, 2012

အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ ၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား

 နိုဝင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၁ မိနစ်

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက်သပိတ်မှောက်နေကြသော ရဟန်း
သံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇနကံ ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။ ကြာသပတေးနေ့ အကြမ်းဖက်မှုအား ရှုတ်ချသည့် ထိုင်သပိတ် ဆန္ဒပြပွဲကို သောကြာနေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ရှိ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် သံဃာ အပါး ၂၀၀ ခန့်က ဆင်နွှဲနေစဉ် ဦးဆောင်ကိုယ်တော်တပါးဖြစ်သည့် မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်ခြင်းဖြစ်သည်။

“တရားခံ အစစ်ကို အမြန်ဆုံး အရေးယူပေးပါ၊ အမြန်ဆုံး အရေးယူမပေးဘူးဆိုရင် ဒီအစိုးရဟာ စစ်အစိုးရလိုပဲ သံဃာထုတရပ်လုံးရဲ့ ပတ္တနိက္ကုဇန ကံကို ခံရမယ်လို့ ဦးဉ္စင်း ပြောချင်တယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာများနှင့် အမရပူရ၊ ဘဝအလင်း၊ မဟာဂန္တာရုံ စသည့် ကျောင်းတိုက်များမှ သံဃာများက တောင်းဆိုချက် ၄ ရပ် ချမှတ်ထားရာတွင် လက်ပံတောင်း အကြမ်းဖက်မှုနှင့်ပတ်သက်၍ “နိုင်ငံတ်ာအစိုးရမှ သံဃာတော်များအား တရားဝင် ဝန်ချတောင်းပန်ရမည်။ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပါတ်သက်၍ တာဝန်အရှိဆုံး အစိုးရမှ ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူဖြေရှင်းပေးရမည်” ဟု ပါရှိပြီး ဒဏ်ရာရရှိသွားသည့် သံဃာများနှင့် လုပုဂ္ဂိုလ်များအတွက်ု “ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစုံတရာ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက် ပေးရမည်” ဟုလည်း တောင်းဆိုထားသည်။

ထို့အပြင် “ဓါတုလက်နက်ကို ဘယ်သူက အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုတယ်၊ အမိန်ပေးတယ် ဆိုတာကို အမြန်ဆုံး ဖော်ထုတ်ပေးရမည်လို့ တောင်းဆိုထားပါတယ်။ ၅ ရက် စောင့်ကြည့်ပြီးရင်တော့ တောင်းဆိုတာတွေ မလိုက်လျောဘူးဆိုရင် တနည်းနည်းနဲ့ ထပ်ပြီးတုံ့ပြန်သွားမယ်” ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားသည်။

ထိုင်းသပိတ် ဆန္ဒပြပွဲတွင် သံဃာများအပြင် ပြည်သူ ၂၀၀ ခန့်ကလည်း ဝန်းရံပါဝင်ကြောင်း သိရသည်။

မီးလောင်ဒဏ်ရာများဖြင့် သံဃာတော်များ၏ ဓာတ်ပုံများ၊ သာသနာ့အလံများ လွှင့်တင်ကာ ဆန္ဒပြနေကြကြောင်း အိမ်တော်ရာသို့ သွားရောက်သတင်းရယူနေသည့် မဇ္ဈိမ သတင်းထောက် ကိုလွင် က ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းတွင် သံဃာတော်များ ဝင်ရောက်ပါဝင်လာရခြင်းမှာ လယ်တီဆရာတော်ဘုရားကြီး၏ သမိုင်းဝင် အမွေအနှစ်အား ထိန်းသိမ်းစောင့်ရှောက်ရန် အဓိကရည်ရွယ်ရင်းဖြစ်ပြီး သပိတ်မှောက်ပြည်သူများနှင့် စီမံကိန်း ကုမ္ပဏီတို့ နှစ်ဖက်လုံးမှ အကြမ်းဖက်ခြင်းများ မပြုမိစေရန် စောင့်ရှောက်ဖို့ ပါဝင်လာရခြင်း ဖြစ်ကြောင်းလည်း ဆရာတော်က ရှင်းပြသည်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသော ကုမ္ပဏီများနှင့် ဒေသခံများအကြား ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်ပေးမည့်အပေါ်လည်း ကြိုဆိုကြောင်း ဆက်လက်မိန့်ကြားသည်။

“ဦးပဉ္စင်းကတော့ ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်း ခရီးစဉ်ကို တအားကြီးကို ဝမ်းသာအားရ ကြိုဆိုတယ်။ တခြားတခြားသော သြဇာတိက္ခမ ရှိတဲ့ ပါတီတွေ အဖွဲ့အစည်းတွေလည်း တကာမကြီး ဒေါ်အောင်
ဆန်းစုကြည်တို့၊ ဒကာမကြီး ဒေါ်ခင်စန်းလှိုင် တို့လို ဝိုင်းဝန်းပါဝင် ဆောင်ရွက်စေချင်တယ်လေ” ဟု ဦးဝီရသူ က ဆိုသည်။

ကြာသပတေးနေ့နံနက် အကြမ်းဖက်မှုကြောင့် သံဃာအပါး ၅၀ ကျော်မှာ မုံရွာဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရပြီး ဒဏ်ရာပိုမိုပြင်းထန်သော ကိုယ်တော် နှစ်ပါးမှာ မန္တလေးသို့ ပင့်ဆောင်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရေ
ကြာင်း သိရှိရသည်။
မဇ္ဈိမသတင်း

0 comments:

Post a Comment