Pages

Sunday, October 21, 2012

သီတင်းကျွတ် မီးထွန်း ပွဲတော်နှင့် အတူ ပခုက္ကူမှ ချစ်စဖွယ် မီးပုံး ရုပ်ကလေးများ (ဆောင်းပါး)

မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်း ပွဲတော်များ မြန်မာ တစ်နိုင်ငံလုံး နှစ်စဉ် ကျင်းပရာ မကွေး တိုင်း ဒေသကြီး ပခုက္ကူမြို့၌ သီတင်းကျွတ် လဆန်း ၁ ရက်မှ စတင်၍  သီတင်းကျွတ် လပြည့်နေ့ အထိ တာဝတိံသာ နတ်ပြည်မှ ပြန်လည် ကြွမြန်းလာသည့် မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိ ပူဇော် ကြသည်။
ထို့အတူ မိုးလေ ကင်းစင်လျှင် ကလေးများ အတွက် ရောင်းအား ကောင်းလှသည့် သင်္ဘော၊ ဂျစ်ကား၊ ဇီးကွက်ရုပ်၊ ကြက်ဖရုပ်၊ ရဟတ်ယာဉ်၊ ကရဝိက် စသော ရောင်စုံ စက္ကူရုပ် များကို ပခုက္ကူမြို့ သီဟိုဠ်ရှင် ဘုရားကြီး ရှေ့နှင့် ပခုက္ကူ မြို့မ ဈေးကြီး မြောက်ဘက် လွတ်လပ်ရေး ပန်းခြံရှေ့ ဘက်တို့တွင် ရောင်းချလေ့ ရှိသည်။ 
 
ကလေးများ ညတွင် မီးထွန်း၍ ကစားနိုင်ခြင်းတို့ကြောင့် မြင်သမျှ ကလေးတို့ မရမနေ  တောင်းတ ပူဆာမှု တို့နှင့် လက်ရာများ လှပသေ သပ် မှုတို့ကြောင့် မိဘ၊ အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်များမှ နှစ်သက်စွာ ဝယ်ယူ ပေးကြရသည်။
 
ထို့ပြင် မန္တလေး၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ စသည့် မြို့များမှလည်း သီးသန့် မှာယူ သူများနှင့် ရောင်းအား ကောင်းလှ သည်။ အရုပ်များ လုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများမှာ ရောင်စုံ တရုတ် စက္ကူများ၊ ဆီစိမ် စက္ကူ၊ အရုပ်များ ဆွဲကစားရန် ကော်ဘိန်းများ၊ မဲတင်းဝါး စသည် တို့လို အပ်သည်။
 
အရုပ်လုပ်ရန် အတွက် ဝါခေါင် လပြည့် မှစ၍ ဝါးများ စိတ်ကာ ကြိုးအဖြစ် အသုံးပြုမည့်  အဝတ်စ များကို ဖြတ်ကိုက် ရသည်။ ထို့နောက် တော်သလင်း လဆန်းမှ စ၍ အရုပ်ပုံစံ အမျိုးမျိုးကို ပုံစံချိုး ရသည်။
 
ထိုကဲ့သို့ အဆင့်ဆင့် ပြုလုပ်၍ ပြီးစီးပါက ဈေးသို့ တင်ပို့ ရောင်းချ ရာတွင် ရဟတ်ယာဉ် ရုပ်တစ်ရုပ်လျှင် ငွေကျပ် ၁၅ဝဝ၊ ကရဝိက် တစ်ရုပ်လျှင် ငွေကျပ် ၃ဝဝဝ၊ လေယာဉ်ပျံရုပ် တစ်ရုပ်လျှင် ငွေကျပ် ၁ဝဝဝ၊ ကြက်ဖရုပ် တစ်ရုပ်လျှင် ငွေကျပ် ၁ဝဝဝနှင့် လက်ဆွဲ မီးပုံး တစ်ခုလျှင် ငွေကျပ် ၃ဝဝဖြင့် ရောင်းချ ကြရသည်။
 
ထိုလုပ်ငန်းမှာ မိသားစု ဝိုင်းလုပ်ဝိုင်း စားဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု လုပ်ငန်း တစ်ခုဖြစ် သောကြောင့် စားဝတ်နေရေး အဆင်ပြေ ကြ ကာ သီတင်းကျွတ် ရာသီ နှစ်လတာ လုပ်ငန်း သည် လေးလခန့် စားဝတ်နေရေး ဖူလုံကြ သည်အထိ တွက်ခြေ ကိုက်ကြောင်း အရုပ်လုပ် သူ မှ ပြောပြ ခဲ့ကြောင်း ရေးသား တင်ပြ လိုက်ရ ပါသည်။
 
 ဆောင်းပါးရှင်- မောင်ပွင့်စော (ပခုက္ကူ)
မြ၀တီ

0 comments:

Post a Comment