Pages

Thursday, August 30, 2012

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွား

 
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် စကားအင်း-ဒေါင်းဦး လမ်းမိုင်တိုင် အမှတ်(၃၈၁/၅)မိုင်အနီး ရှိ ကျောက်ဖြူမှ ယူနန်သို့ သွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှု များဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းလမ်းပိုင်းမှာ သြဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းမိုးရွာသွန်းမှုကြောင့် ပိုက်လိုင်းဖြတ်သန်းရာ နေရာတွင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းလမ်းပိုင်းမှာ ခရိုင်ချင်းဆက်လမ်း ဖြစ်ေ သာ ကြောင့် ဒေသခံ များအဓိက အားထား အသုံးပြုရသော လမ်းဖြစ်ပြီး လမ်းပိုင်းရုတ်တရက်ပျက်စီးမှုအား မသိရှိသောကြောင့် ပျက်စီးမှု ဖြစ်ပွားသော ပထမနေ့တွင် ကုန်စိမ်းတင်ကားတစ်စီးနှင့် ဆိုင်ကယ် ၄ စီး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။
 
လမ်းပိုင်းမပြုပြင်မီအချိန်ထိ ယာဉ်တိမ်းမှောက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊  လမ်းပိုင်း ပျက်စီးမှုအား သက်ဆိုင်ရာစည်ပင်မှ သြဂုတ်လ၂၇ ရက်နေ့တွင် လာရောက်ပြုပြင်ပေး သွားကြောင်း သိရသည်။

”လမ်းပိုင်းက၂၄ရက်နေ့မနက် ၇ နာရီလောက်မှာ မန္တလေးကနေလာတဲ့ ကုန်စိမ်းကားတစ်စီး ရှပ်ကြိုးသွားလို့ ကျွန်မတို့တဲကို အကူအညီလာတောင်းမှ လမ်းသား အိပြီးပြိုကျပျက်စီးမှန်း သိရတာပါ။ ပိုက်လိုင်းဖြတ်တဲ့ လမ်းနေရာကပုံမှန်လမ်းပိုင်းထက်အောက်ထဲကိုနည်းနည်းနက်တဲ့အတွက်လမ်းပျက်စီးမှုကို သတိမထားမိဘဲ အခုလို ယာဉ်မတော်တဆမှုတွေ ဖြစ်ကုန်တာ။ 
 
လမ်းစပျက်စီးတဲ့ ပထမနေ့မှာပဲ ဆိုင်ကယ် ၄ စီးလောက် တိမ်းမှောက် ဒဏ်ရာရသွားတယ်။ ထပ်ပြီး လမ်းပျက်တာကို မသိဘဲ ဆက်သွားနေမှာစိုးလို့ ကျွန်မတို့တဲက အနီးအနားမှာ ကျိုးကျနေတဲ့ လမ်းသင်္ကေတပြ ဆိုင်းဘုတ် ကို ထောင်ပေးထားရတယ်။ ဒါကို မသိဘဲသွားလာနေလို့ ထပ်ပြီး ယာဉ်တိမ်းမှောက် မှုတွေ ဖြစ်တယ်။ ဖြစ်ပြီးသုံးရက်မြောက်နေ့မှ သက်ဆိုင်ရာ စည်ပင်သာယာက လမ်းကို ကျောက်ခင်းပြီး လာဖို့ပေးသွားတာပဲမြင်တယ်။ တခြားမြို့တွေကလာတဲ့ ခရီးသွားတွေ ထိခိုက်ဒဏ်ရာရတော့ကားနဲ့ပဲ သယ်သွား ကြတယ်။ 
 
ဒီဒေသခံတစ်ဦးကတော့ နွားထိုးကြီးမြို့နယ် ကန်နားကျေးရွာ တိုက်နယ်ဆေးရုံ မှာ ခုထိတက်နေရတယ်”ဟု လမ်းပိုင်းပျက်စီးမှုအနီးတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောကြား ခဲ့သည်။
 
”ဒီခရိုင်ချင်းဆက် လမ်းပိုင်းမှာ ဓာတ်ငွေ့ပိုင်းလိုင်းနှစ်ခု ဖြတ်သန်းပါတယ်။ ပိုက်လိုင်းမြှုပ်နှံပြီး မြေသား ကို ပြန်လည်ကျစ်အောင်မလုပ်ဘဲ ကတ္တရာခင်းလိုက်တဲ့အတွက် မိုးရွာလိုက်တာနဲ့ အဲဒီနေရာ လမ်းပိုင်းက ပြိုကျတာပါ။ တခြားလမ်းပိုင်းတွေ ဘာမှပျက်စီးမှု မရှိပါဘူး။ 
 
အဓိကကတော့လမ်းပျက်စီးမှုဖြစ်ဖြစ်ချင်း သက်ဆိုင်ရာက အချိန်မီ ပြန်လည်မပြင်ဆင်ပေးနိုင်သေးတောင်မှ လမ်းပိုင်းအန္တရာယ်ရှိကြောင်း လိုအပ်တဲ့သတိပေးမှု တွေမလုပ်တဲ့အတွက် အခုလိုမဖြစ်သင့်ဘဲ နှစ်ရက်ဆက် တိုက်ဒေသခံတွေနဲ့ခရီးသွားတွေယာဉ်တိမ်းမှောက်ထိခိုက်မှုဖြစ်ရတာပါ”ဟု တံတားဦးမြို့နယ်မှ ဒေသခံတစ်
ဦး က ပြောပါသည်။

အဆိုပါလမ်းပိုင်း ပတ်ဝန်ကျင် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွယ်တန်းခြင်းကို ၂၀၁၂ ခုနှစ်၊ မေလက လုပ်ဆောင်ခဲ့ပြီးကတ္တရာပြန်လည်ခင်းပေးခဲ့ရာ ယခုအခါ လမ်းပြန်ခင်းပြီး ၃ လအကြာတွင် ယင်းနေရာများ၌ လမ်းသားပျက်စီးမှုများဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း(မြန်မာအပိုင်း) ၏ မန္တလေးအပိုင်း ပိုက်လိုင်းသွယ်တန်းရေးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအုပ်စု ကျွဲနဖားတောင်ကွင်း ပိုက်လိုင်းသွယ်တန်းရေး လုပ်ငန်းခွင်စခန်းတွင် ၂၀၁၀ပြည့်နှစ် ဇွန်လ၃ရက်နေ့ က စတင်ဆောင်ရွက်လျက်ရှိပြီး၂၀၁၃ခုနှစ်အတွင်းပြီးစီးဆောင်ရွက်ရန်လျာထားတည်ဆောက် လျက်ရှိကြောင်း သိရသည်။
 
အဆိုပါစီမံကိန်းမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ပိုင်း ၆ဒသမ၇ ကီလိုမီတာမှ စတင်ကာမကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသ ကြီးနှင့်ရှမ်းပြည်နယ်တို့ ကို ဖြတ်သန်း မည် ဖြစ်ကြောင်း သိရသည်။
 
 
ပြည်နယ်နှင့်တိုင်းသတင်း

0 comments:

Post a Comment