Pages

Saturday, August 11, 2012

သေဆုံးသွားတဲ့ မန္တလေးမြို့


၁၉၉ဝ နှောင်းပိုင်းလောက်ကထင်ပါရဲ့၊ မန္တလေးက လူငယ်စာရေးဆရာတွေဝိုင်းရေးတဲ့၊ စာအုပ်တအုပ်ထွက်လာတယ်။
“ဝသုန္ဓရီလက်ရေး” တဲ့၊ ဝသုန္ဓရီဆိုတာ မြေစောင့်နတ်ဆိုတော့ မြေစောင့်နတ်လက်ရေးပေါ့ဗျာ။


မန္တလေးကထင်ရှားတဲ့လူငယ်စာရေးဆရာသိုက်ထွန်းသက်၊ ညီပုလေး၊ ခင်ပန်နှင်း၊ ကျော်စွာထက်၊ မိုးမိုးအင်းလျား၊ နုနု ရည် (အင်းဝ) တို့ပါတယ်၊ အဲလောက်ပဲမှတ်မိတော့တယ်။ 

ဝတ္တုတိုတွေစုထုတ်တာ၊ အရမ်းဖတ်ကောင်းတယ်။ တရုတ် လူမျိုးတွေ မန္တလေးနဲ့ ရှမ်းပြည်တခွင် လွှမ်းမိုးလာနေတာမြေ
တွေ၊ အိမ်တွေကို ငွေအဆမတန်ပေးဝယ်တာ၊ မြန်မာအမျိုး သမီးတွေ မြန်မာစကားမတတ်တဲ့ ပေါက်ဖော်တွေရဲ့ အ
မြှောင်ဖြစ်နေတာ၊ မန္တလေးမြို့လည်မှာ နေ့ချင်းညချင်း တိုက်တာ ကြီးတွေ မှိုတွေပေါက်လာသလို ဟည်းထပေါ်လာတာ
ကိုရေးထားတာ။ တရုတ်ဆိုတဲ့စကားလုံး တလုံးမှထည့်မသုံးဘဲ ယဉ်ယဉ်လေးနဲ့ တို့ထိ အနုပညာမြောက်လွန်းတဲ့ ခံစား
ချက် ဝတ္တုတွေပါ။

ဘယ်လောက် တုန်လှုတ်စရာကောင်းအောင် ဖတ်ကောင်းသလဲဆို၊ တခါဖတ်ပြီးတာနဲ့ နောက်ထပ် အဲဒီစာအုပ်ကို မကိုင် ရဲမဖတ်ရဲအောင် ဖြစ်သွားခဲ့ရတယ်။ ကျနော်အဲဒီစာအုပ်ကို တခါပဲဖတ်နိုင်တယ်။ နောက်တခေါက်ဖတ်ဘို့ ကျနော့မှာခံနိုင်

ရည်အားမရှိတော့ဘူး။ စိတ်အထိခိုက်ရဆုံးဝတ္တုက ဆရာညီပုလေးရဲ့ စပါးကြီးမြွေပါ။ 

ဘိုးဘွားအစဉ်အဆက် ပိုင် ဆိုင်လာတဲ့ အိမ်နဲ့ခြံကြီးကို၊ သူ့ဘဝမှာ တခါမှမကိုင်ဘူးတဲ့ ငွေအမြောက်အမြားနဲ့ လဲလိုက်ရ
တဲ့ ဦးတော်တော် ဆိုတဲ့ ရှေးအဖိုးကြီးတယောက်ရဲ့ စိတ်ခံစားမှုအဇ္စျိတ္တကို အနုစိတ်ဖွဲ့ထားတာ။

(၂)


၁၉၉ဝ နောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ မြို့ပြဖွှံ့ဖြိုးမှုစီမံကိန်းဟာ မြန်မာပြည်အတွက် ကြောက်ခမန်းလိလိ ဇာတိသွေး ဇာတိမာန်တက်စေဘို့ နိဒါန်းအစလားလို့စဉ်းစားမိတယ်။ 


ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ ဗမာတိုင်းရင်းသားတွေဟာ အာဏာ ရှင်တွေရည်မှန်းတဲ့ မြို့ပြအင်္ဂါနဲ့ အညီမနေနိုင်လို့ မြို့ပြင်
ကွက်သစ်တွေကို နှင်ထုတ်ခံရတယ်။ နိုင်ငံသားတွေရဲ့ အသိ ပညာနဲ့ အတွေးအခေါ်ဖွံ့ဖြိုးရေးထက် အဆောက်အဦတွေ မြင့်မြင့် ထူထူထပ်ထပ် တိုးပွားမှုကသာ ဖံွ့ဖြိုးမှုလို့ မှတ်ထင် ထားသူတွေကြောင့် မန္တလေးမြို့လည်ခေါင်မှာ တရားမဝင် တရုတ်ဧည့်နိုင်ငံသားတွေ နိုင်ငံတော်ထဲ ရားဝင်ကျူးကျော်ပြီး စစ်အစိုးရဲ့ ခေတ်မီမြို့ပြနိုင်ငံတော်အိပ်မက်ကြီးကိုနေ့ချင်း
ညချင်း အကောင်အထည်ဖော်ပေးလိုက်တယ်။

အိမ်ရှင်တွေ ဧည့်နှင်ခံရတဲ့ ရက်စက်မှုဟာ တချိန်မှာပေါက်ကွဲလာမယ်၊ အနောက်ဘက်ကလို တုတ်တပျက်ဓားတပျက် အမျိုးသားစိတ်တွေ ထကြွကုန်ရင်ရော… ဒါကြောင့် နိုင်ငံတော်ရဲ့မဆင်မခြင် စီမံကိန်းတွေ (ဧရာဝတီမြစ်ဆုံ၊ ရခိုင် ဓာတ် ငွေ့နဲ့ အဓမ္မပရောဂျက်တွေ) ဟာ ပြည်သူတွေရဲ့ ဇာတိမာန်တက်ကြွဘို့ နိဒါန်းတွေ ဖြစ်လာမလားလို့ တွေးမိလို့ပါ။

(၃)

အရင်က ရန်ကုန်ကနေ မန္တလေးကိုဝင်လာတာနဲ့ မြို့အစွန်က မဟာမြတ်မုနိဘုရားကြီးကို အရင်ဆုံးလှမ်းပြီးဖူးမျော်နိုင်မှာ ဖြစ်သလို၊ မြင်းလှည်းနဲ့ကျုံးမြို့ရိုး၊ ပြအိုး၊ ပြဿဒ်နဲ မြန်မာ့နောက်ဆုံးနန်းဆက် သင်္ကေတတွေလည်း တွေ့ရမှာပါ။ ဈေးချို ရုံတော်ကြီး၊ အဝေးကကြည့်ရင် ထီးထီးကြီးပေါ်လွင်နေတဲ့ နာရီစင်အပြင်၊ ရေနံဝနေတဲ့ ကျွန်းတိုင်အိမ်မြင့်ကြီးတွေ၊ စိမ်း စိုစိုကုက္ကို၊ ထနောင်း၊ မန်ကျီးရိပ်နဲ့ ကြည့်လိုက်ရင်တကယ့်ကို မြန်မာဆန်တဲ့မြင်ကွင်းတွေဟာအနှစ် ၂ဝ ကျော်အတွင်း တစတစ ပျောက်ကွယ်သွားနေပြီ။


မြန်မာဆန်တဲ့မြင်ကွင်းဆိုတာ၊ အများနဲ့ဆိုင်တဲ့၊ အားလုံးနဲ့ပတ်သက်တဲ့အရာတွေကို ဆိုလိုတာပါ။ ဥပမာ မင်းတုန်းမင်း လက်ထက်ကတည်းက၊ မန္တလေးရဲ့လမ်းဒေါင့်နဲ့ ရပ်ကွက်ဒေါင့်တွေမှာ၊ ကိုယ်ထူကိုယ်ထ ရေတွင်းကြီးတွေနဲ့ အများပြည် သူပျော်ပျော်ပါးပါး အသုံးပြုတာ၊ ၁၉၅ဝ ဝန်းကျင် ပါလီမန်ဒီမိုကရေစီခေတ်မှာ၊ ကျုံးရေကန်က ရေသွယ်ပြီး ရေပိုက်တွေ

နဲ့ သွယ်ပေးထားတယ်။ ဘယ်အချိန်မဆို ပိုက်ဖွင့်ရင်ရေလာတယ်။ 

ကျုံးနဲ့ နန်းမြို့ဥယျာဉ်မှာ မိသားစုအပမ်းဖြေနိုင်တယ်။ သနပ်ခါးပါးကွက်ကြား၊ မြန်မာ့လက်ယက္ကန်းဖြစ် လုံချည်ဝတ်အမျိုး
သမီးတွေ အုပ်စုလိုက် ရီမောစက်ဘီးစီးသွားလာနေ တာ မြင်ရမယ်။ လမ်းဆုံလမ်းဂွထနောင်းရိပ်၊ ကုက္ကိုရိပ်မှာအများ
သောက်ဘို့ သောက်ရေအိုးစင်တွေရှိနေတယ်။ အနီးအ နား နေထိုင်သူတွေက ရေမပြတ်အောင် ကုသိုလ်ဖြည့်တတ်တာ
တွေဟာ မြန်မာဆန်လွန်းသလို မြန်မာတွေရဲ့ အများအ ကျိုးထည့်တွက်တတ်တဲ့ စရိုက်လက္ခဏာကို တွေ့ရမှာပါ။

ဒီကနေ့၊ မန္တလေးကိုဝင်လာရင်ရော၊ မြန်မာပြည်လို့မထင်မှတ်ရတဲ့ တရုတ်ပြည်နယ်တခုကို ရောက်သွားသလို မြင်ရမယ် လို့ မန္တလေးသား စာရေးဆရာဆူးငှက်က ရှင်းပြပါတယ်။


“ရန်ကုန်ကနေလာတာနဲ့ မဟာမြတ်မုနိဘုရားကိုအရင်ဖူးနိုင်မှာ မဟုတ်တော့ဘူး။ စက်မှုဆိုတဲ့မြို့သစ်ကြီးကိုစတွေ့ရ မယ်။ အဲဒီမှာ တရုတ်စာလုံးတွေနဲ့ စက်ရုံကြီးတွေ၊ တရုတ်ကုမ္မဏီဆိုင်းဘုတ်ကြီးတွေ စမြင်ရမယ်။ မြို့ထဲ လူမြင်ကွင်း တွေကြည့်ရင်၊ အရင်ကကိုယ့်မြို့သားတွေမဟုတ်တဲ့ အမူအကျင့်တွေနဲ့ ဝတ်စားဆင်ရင်မှုတွေကို တွေ့ရမယ်။ 


အထပ်မြင့် အဆောက်အအုံတွေ၊ မီနီမားကက်တွေနဲ့ပေါ့။ သွားလာနေကြတဲ့ မိန်းခလေးတွေကြည့်လိုက်မယ်ဆိုရင် စကပ်
တို၊ ဘောင်းဘီတို၊ ဆိုင်ကယ်တွေနဲ့ ဘယ်လိုမှအရင်နဲ့ဆက်စပ်မရတဲ့ ပုံစံမျိုးတွေ၊ တိုက်တာအဆောက်အဦတွေလည်း ကြပ် ညပ်နေပြီး၊ လူတွေကလည်းအရင်လို အေးဆေးသက်သာမှုမရှိ ပြေးလွှားနေတဲ့ပုံစံတွေ၊ လူတန်းစားကလည်း အင်မ
တန် ကွာဟနေတာ။ 

ဇိမ်ခံကားတဝီဝီနဲ့သွားနေတဲ့ မျက်နှာစိမ်းတွေရှိသလို၊ စက်ဘီးလေးတွေနဲ့ လမ်းဘေးမှာသွားနေတဲ့ ဗမာ ရုပ်ရည်တွေမြင်
ရမယ်၊ ပိုက်ဆံရှိတဲ့အထက်တန်းလွှာဆိုတာ မန္တလေးသားမဟုတ်တာ၊ အထူးသဖြင့် မြန်မာမဟုတ်တာ တွေ့ရမယ်”မြို့ထဲ
ကကျူံးနဲ့ မြို့ရိုးကြီးရွှေ့မရလို့ တော်သေးတာပေါ့လေ။

ဈေးချိုနားက နာရီစင်တောင် ဗီနိုင်းတွေ၊ တရုတ်ဆိုင်းဘုတ်၊ အင်္ဂလိပ်ဆိုင်းဘုတ်တွေအောက်မှာ မှိန်မှိန်လေးပျောက်နေ
ပြီ။ အော်.. ခေတ်မီမြို့ပြနိုင်ငံတော်ကြီးထူထောင်ဘို့ မန္တလေး သူ၊ မန္တလေးသားတွေပေးလိုက်ရတာကတော့ သူတို့ရဲ့ဆွေ
စဉ်မျိုးဆက်ဘဝတခုလုံး၊ သမိုင်းတခုလုံး၊ မြန်မာ့ယဉ်ကျေးမှု တခုလုံးပါလား။

(၄)


ကိုယ့်ဘာသာရေး၊ ယဉ်ကျေးမှုပွဲတော်တွေထက် တရုတ်နှစ်သစ်ကူးပွဲက ပိုစည်ကားနေသလို ကိုယ့်တိုင်းရင်းသား လူမျိုး တွေက သူတို့ပွဲလမ်းသဘင်မှာ အသုံးတော်ခံကြ၊ လက်ဖြန့်တောင်းနေကြတာလည်း မဆန်းတဲ့မြင်ကွင်းတွေလို။ မြန်မာ ပြည်သူတွေ၊ ဘာသာရေးနဲ့ အလှူအတန်းကိစ္စတွေမှာ စေတနာထက်သန်ကြပါတယ်။


နိုင်ငံရေးနဲ့ မပတ်သက်ရဲတာ တောင် နိုင်ငံရေးလှုပ်ရှားသူတွေ ဒုက္ခရောက်တာတို့၊ သူတို့ဇနီးသားသမီးတို့ကိုတိုးတိုးတိတ်
တိတ် လှူတယ်၊ ကူတယ်။

လွန်ခဲ့တဲ့၂ဝဝ၇ ခုနှစ်က၊ နိုင်ငံတဝှမ်းမှာ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီး ဖြစ်သွားတာ လူတိုင်းသိတယ်။ အဲဒီတုန်းက နိုင်ငံရေးနဲ့မပတ်သက်တဲ့ အဖိုးအဖွားတွေ၊ လူငယ်တွေကအစ နေပူပူမှာ ဖိနပ်မပါဘဲ မေတ္တာပို့ စီတန်းလမ်းလျောက်နေ ကြတဲ့ သံဃာတော်တွေကိုပန်း၊ ရေချမ်း၊ ဆွမ်းတွေကပ်တယ်။ မရှိတဲ့ကြားကသဒ္ဒါစိတ်ထား လှူကြတယ်။

အဲဒီကာလက အာအက်အေ သတင်းထောက်အဖြစ် ကျနော်ဟာ မန္တလေးကသံဃာတော်တွေ လှုပ်ရှားမှုသတင်းပေးပို့ ခဲ့တယ်။ မန္တလေးသံဃာတော်တွေ မြို့လည်ခေါင်မှာ၊ စီတန်းမေတ္တာပို့တော့ ရေကပ်လှူမဲ့အိမ်တွေ မရှိသလို၊ အိမ်တံခါး တွေ ပိတ်ထားကြတယ်လို့ သိရတယ်။ မန္တလေးမြို့လည်မှာ ဘယ်သူတွေနေတယ်ဆိုတာ အားလုံးသိနေတာဘဲလေ။ 


အစောပိုင်းမှာတော့ သံဃာတော်တွေ ရေငတ်ခဲ့ရပါတယ်၊ နောက်ပိုင်းတော့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်း ရက်ရောတဲ့ မန္တလေးသူ၊ မန္တလေးသားတွေကပဲ ရေသန့်ဘူးတွေကပ်လှူခဲ့တယ်လို့ သိခဲ့ရတယ်။ အဲလိုအခြေအနေတွေ ကြားထဲက ဒီကနေ့ မန္တလေးမှာ ဗမာလူမျိုးများသက်သက်နဲ့ဖွှဲ့ထားတဲ့ လူမှုကူညီစောင့်ရှောက်ရေးနဲ့ နာရေးကူညီမှု
သင်း တွေ ခန့်မှန်းခြေ၊ (၅ဝ) ကျော်လောက်ရှိနေတာကတော့ ဝမ်းမြောက်ဂုဏ်ယူစရာပါ။ 

ကျနော်တို့ပြည်သူတွေ အရေးကြုံရင် သက်လုံကောင်းကြတယ်။ သတိရှိကြတယ်။ ညီညွတ်ကြတယ်။ ဒါဟာအစဉ်အဆက်
ရှိခဲ့တဲ့ သမိုင်း။

ကွယ်လွန်ရှာပြီဖြစ်တဲ့၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ စာတအုပ်မှာ အရင်က မန္တလေးကလိပ်စာတခုခုကိုညွှန်း ရင်၊ လမ်းနံပါတ်၊ အိမ်နံပါတ်နဲ့ ပြောလေ့ပြောထမရှိဘဲ၊ ရပ်ကွက်ပြောရုံ၊ ထင်ရှားတဲ့ အဆောက်အဦတွေနဲ့ ဝင်းကြီးတွေ နာမည်နဲ့ ပြောလေ့ရှိတဲ့အကြောင်း၊ ဥပမာ၊ ဗမာဆန်တဲ့နာမည်တေဖြစ်တဲ့၊ နဂါးတိုက်အနီး၊ သူငယ်တော်ဆေးတိုက်၊ ဒင်္ဂါး တိုက်အနီးဆို စာပို့သမားကရောက်အောင်ပို့တတ်တယ်လို့ ပြောဖူးပါတယ်။ 


ဒီကနေ့တော့အဲလိုအထင်ကရ ရှေးဟောင်း အဆောက်အဦတွေမရှိတော့လို့ တရုတ်အမျိုးသားပိုင်၊ မောင်ကိန်းရွှေဆိုင်၊ ဝင်းစိန်ရွှေဆိုင်လို့ပြောမှအများသိနိုင်တော့ မှာပါ။ ဒီနေရာမှာ ကျနော့်အနေနဲ့၊ ခေတ်မမီဘဲ၊ အပြောင်းအလဲမလိုလားတဲ့ ရှေးဟောင်းပုံစံကို မက်မောပြီးပြောချင်တာ မဟုတ်ဘူး၊ မန္တလေးရဲ့အင်းမေ့ခ်ျလို့ ပြောရမဲ့၊ မန္တလေးရဲ့အနှစ်သာရနဲ့ သင်္ကေတတွေပျောက်နေတာဟာ သိတ်စိုးရိမ် စရာ ကောင်းနေပါတယ်။ 

(ဒီနေရာမှာ မန္တလေးလို့သုံးနှုံးပေမဲ့ မြန်မာတပြည်လုံးကို ဆိုလိုချင်တာဖြစ်ကြောင်း သဘော ပေါက်ပေးစေလိုပါတယ်) ပြောချင်တာက ဘာသာ၊ သာသနာတင်မကကျနော်တို့ရဲ့ မြန်မာ့စိတ်ရင်း၊ မြန်မာ့စိတ်ဓာတ်ပါ တစတစနဲ့ ပျောက်ကွယ်
နေတာကို မြင်နေရလို့ လန့်အော်နေရတဲ့ အဖြစ်ပါ။

(၅)
ကျနော်တို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက် (မြန်မာနဲ့ကပ်ရက်) ဘက်မှာပြည်နယ် (၇) ခု ရှိပါတယ်။ အဲဒီ ပြည် နယ်တွေမှာ၊ ကနဦးကတည်းက မွန်ဂိုလွိုက်အနွယ်ဝင်တွေဖြစ်တဲ့ မွန်ခမာ၊ တိဘက်တိုဘားမား လူမျိုးနွယ်တွေနေတယ်။


 မြန်မာပဒေသရာဇ်ခေတ်က သူ့နယ်ကိုယ်တိုက်၊ ကိုယ့်နယ်သူတိုက်နဲ့ ပဒေသရာဇ်မင်းတွေ အားပြိုင်ခဲ့ကြပေမဲ့ သူတို့နယ် ထဲကိုယ်ကသွားအခြေချတာမျိုး မရှိသလို၊ ကိုယ့်ပိုင်နက်ထဲသူတို့လာပြီး သိမ်းပိုက်နေထိုင်ခဲ့တယ်လို့ မကြားဖူးပါဘူး။
သစ္စာခံတွေထားပြီး အဝေးကနေအုပ်ချုပ်တာမျိုးပဲ ရှိကြပါတယ်။ မဏိပူစစ်၊ အာသံစစ်၊ ယိုးဒယားစစ်တွေလေ့လာရင် တွေ့ရမှာပဲ။


အဲဒီ အိန္ဒိယအရှေ့မြောက် (၇) ပြည်ထောင်သားတွေဟာ ကျနော်တို့မြန်မာတွေနဲ့ ရုပ်ရည်ခွဲခြားလို့မရဘူး။ ဘာသာစ ကား၊ အစားအသောက်၊ ဝတ်စားဆင်ရင်ပုံနဲ့ အကြိုက်၊ စရိုက်ကအစ တူကြတယ်။ နယ်နမိတ်ခြားနားလို့ နိုင်ငံကွဲတာ၊ ကျနော်တို့ တိုင်းရင်းသားအနွယ်ဝင်တွေလို ပါပဲ။ 


ဟိုဘက်ဒီဘက် တိုင်းရင်းသားတွေ ရောထွေးနေခဲ့ကြတာပါ။ မြန်မာ တိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ ရှမ်း (အာသံပြည်
နယ်) ကချင် (အဒူနာချယ်ပြည်နယ်) ရခိုင်၊ သက် (ထရီပူရပြည်နယ်) နာဂ (နာဂလင့်ပြည်နယ်) ချင်း(မီဇိုရမ်ပြည်နယ်) မွန် (မစ်ဂ္ဂါလီရာပြည်နယ်)၊ ဗမာ (မဏိပူရပြည်နယ်) တွေမှာ တွေ့ရ မယ်။ ဘာသာစကား၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှု
အတော်လေးတူတယ်၊ နီးစပ်တယ်။

ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ လူဦးရေလည်းမြား၊ လူမျိုးကြီးလည်းဖြစ်တဲ့ ဟိန္ဒူအနွယ်ဝင်တွေဖြစ်တဲ့ ဘန်ဂ္ဂါလီနဲ့ အင်ဒီးယန်း တွေ လွှမ်းမိုးသွားပြီ။ ဘာသာစကား၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အားလုံးအလွမ်းမိုးခံရတဲ့ ပြည်နယ်တွေက၊ အာ သံ၊ မဏိပူရ၊ ထရီပူရ၊ မစ်ဂ္ဂါလီရာနဲ့ အဒူနာချယ်ပြည်နယ်တွေမှာ ကြည့်လိုက်ရင်စာပေ၊ အက္ခရာနဲ့ဘာသာစကား (အာ သံပြည်နယ်ဆို၊ 


AssamMixt ခေါ်တဲ့ ဘုံစကားအဖြစ်သုံးတဲ့ ဘန်ဂါလီစကားပျက်တမျိုးတောင် ဖြစ်သွားပါတယ်) ဝတ် စားဆင်ယင်ပုံ၊ ဘာသာရေးစီးပွားရေး၊ ယဉ်ကျေးမှုတွေဟာ ပြည်ကြီးသား အိန္နိယဟိန္ဒူအနွယ်တွေ အတော်လေးမြိုသွား ပြီ။ 

အဲဒီကြားထဲကပဲ အမျိုးသားရေးဝါဒီ၊ မျိုးချစ်တွေရဲ့ ခုခံကာကွယ်မှုက ရှိနေတုန်းပဲ၊ ဒါပေမဲ့ ဖုတ်လှိုက်ဖုတ်လှိုက်။ အိန္နိယ ဟိန္ဒူအနွယ်တွေ ဒီနေ့အထိ ထိထိရောက်ရောက် မလွမ်းမိုးနိုင်သေးတာ ကျနော်တို့ဆီက ချင်းပြည်နယ်နဲ့ကပ်နေ တဲ့ မီဇိုရမ်ပြည်နယ်နဲ့ နာဂလင့်န်ပြည်နယ်တို့ပဲ ဖြစ်တယ်။ 

ဘာကြောင့်လဲဆိုတော့ တောင်တန်းဒေသတွေဖြစ်တဲ့၊ နာဂ တောင်တန်းနဲ့ လုရှိုင်းတောင်တန်း (မီဇိုရမ်) မှာအင်္ဂလိပ်
ခေတ်ကတည်းက RegulationAct ထားပြီး သီးခြားကော်မရှင် နာနဲ့ အုပ်ချုပ်ခဲ့တာကို၊ ဒီဘက်လွတ်လပ်ရေးရပြီးတဲ့အထိ အပြင်မခံဘဲ ဆက်သွားနေလို့ ဖြစ်တယ်။

အိန္ဒိယပြည်မကနေ အဲဒီပြည်နယ်၂ခုကို ဝင်မယ်ဆိုရင်၊ ပြည်နယ်ဝင်ခွင့်လက်မှတ်ယူရပါတယ်။ ပြည်နယ်အတွင်း ဘယ် လောက်နေထိုင်မယ်ဆိုတဲ့ ဗီဇာယူရတဲ့သဘောပါ။ ဒီနည်းနဲ့လူဝင်မှုရော၊ စီးပွားအခြေချနေထိုင်မှုကို ထိမ်းချုပ်ထားတာ ကြောင့် လူမြိုတာသိတ်မခံရသေးတာပေါ့။ ပြီးတော့ ကိုယ့်ပြည်နယ်သားမဟုတ်ရင် အိမ်၊ မြေ၊ လယ်ယာစတဲ့ မရွှေ့မ ပြောင်းနိုင်တဲ့ ပစ္စည်းတွေပိုင်ဆိုင်ခွင့်မရှိပါဘူး။ 


ကျနော်တို့နိုင်ငံက လူဝင်မှုဆိုင်ရာဥပဒေဟာ ရေရှည်ကိုမြော်မြင်ဖော်ပြတဲ့ ဥပဒေတိတိကျကျမရှိလို့ လူမျိုးရေး၊ဘာသာ
ရေးယောင်ယောင် ပဋိပက္ခတွေ (မြှောက်ပင့်နေတဲ့ အာဏာပိုင်တွေကြောင့်)ဖြစ်နေတာအများအသိ။

(၆)
မန်းတက္ကသိုလ်တုန်းက ကျနော့်မှာ မန္တလေးသားတရုတ်သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ တချို့က ရှမ်း၊ ကချင်ပြည် နယ်တွေကပါ။ သူတို့ဟာ အင်မတန် မြန်မာစိတ်ရှိသလို၊ တိုင်းပြည်ကြီးပွားချမ်းသာစေလိုတဲ့ မြန်မာ့အမျိုးသားရေး စိတ် ဓာတ်လည်း ရှိကြပါတယ်။ 


ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း အခြေချပြောင်းရွှေ့လာတဲ့ တရုတ်နဲ့ ထိုင်ဝမ်ကလာတဲ့ မျိုးဆက် သစ် တရုတ်အများစုဟာ မြန်မာအာဏာပိုင်တွေကို လာဘ်ထိုးပြီး မြန်မာအပါအဝင်၊ ၂ နိုင်ငံ၊ ၃ နိုင်ငံသား မှတ်ပုံတင်တွေ ကိုင်ဆောင်သွားလာနေ
ကြတာပါ။ 

သူတို့ဟာ ဗမာစကားမတတ်သလို၊ ထစ်ထစ်အအနဲ့ ဗမာစကားပျက်တွေ ပြောဆို တတ်ပါတယ်။ သူတို့ဟာ ဗမာပြည်မှာ စီပွားရေးချို့တဲ့တာကို အကြောင်းပြုပြီး ငွေအလုံးအရင်းနဲ့ပေါက် မြန်မာ့စီးပွားရေး ကို နောက်ဖေးပေါက်က မွှေနှောက်အ
မြတ်ထုတ်နေသူတွေလည်း ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာ သယံဇာတတွေကို အခွန် ရှောင်၊ လာဘ်သိပ်ထိုးပြီး တိုင်းတပါး
ခိုးထုတ်တယ်။

ဒီအတွက် စစ်အာဏာပိုင်တွေ၊ မြန်မာလူဝင်မှုရေးရာဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ဒီ

ဖြစ်ပျက်မှုအားလုံးရဲ့တရားခံအစစ်ဟာ အနှစ် ၂ဝ လောက် မြန်မာပြည်ကိုထိမ်းချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေနဲ့ နောက် လိုက်တွေဆိုတာလည်း ပြည်သူတွေကသိထားပါတယ်။ 

အာဏာပိုင်တွေမပါဘဲ၊ တိုင်းတပါးသားသောင်းနဲ့ချီပြီး မန္တလေး မြို့လည်မှာ တရားဝင်၊ စီးပွားရှာ၊ နေထိုင်လို့မရနိုင်ပါဘူး
။ (တခြားလွတ်လပ်တဲ့ နိုင်ငံတွေဆို၊ ဒီလိုကိစ္စမျိုး၊ တာဝန်ရှိသူ တွေကို စုံစမ်းစစ်ဆေးပြီး ဝန်ကြီးအဖွှဲ့တဖွဲ့လုံးကို တရားစွဲ၊ အရေးယူ ရာထူးကထုတ်ပယ်ပြီးလောက်ပြီ)

ကျနော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ အင်္ဂလိပ်အောက်ရောက်ခဲ့ပေမဲ့ တိုင်းတပါးယဉ်ကျေးမှုမလွှမ်းမိုးအောင် အဲဒီခေတ် မျိုးချစ်တွေ၊ ပညာတတ်တွေက ခုခံနိုင်ခဲ့ကြတယ်။ အလွယ်တကူ ထိုးဖောက်နိုင်တဲ့ ဂီတမှာတောင်၊ တူရိယာရော၊ တေး သွားရော၊ အသံရော မြန်မာမှုပြုနိုင်ခဲ့ပါတယ်။ မိမိတို့ ယဉ်ကျေးမှုကိုယ်ခံအားကောင်းရင် ဘေးကလာတဲ့ယဉ်ကျေးမှုဟာ ကိုယ့်ယဉ်ကျေးမှုအောက် ရောက်သွားတတ်ပါတယ်။ 


အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ဂီတအနုပညာယဉ်ကျေးမှုကို ပြန်ကြည့် ရင် အရိုးကိုအရွက်မဖုံးတာ မြင်မှာပါ။ သူများဂီတအနု
ပညာကို မိမိဟန်နဲ့တီထွင်ပြောင်းလဲနိုင်စွမ်း ရှိကြပါတယ်။ မြန်မာ လည်းတချိန်က အဲလိုပဲလုပ်ခဲ့တာပါ။ ကိုယ့်ယဉ်ကျေးမှု ကိုယ်ခံအားမကောင်းရင် ဝါးမြိုခံသွားရမှာပါပဲ။ မင်းတုန်းမင်း လက်ထက်က တရုတ်ပန်းသေးလူမျိုးတွေ တရုတ်ယဉ်ကျေး
မှုထက် မြန်မာ့ယဉ်ကျေးမှုကို ပိုပြီးခုံမင်သွားပါတယ်။ စစ်ကြို ခေတ်ထဲက မြန်မာပြည်မှာအခြေချခဲ့တဲ့ တရုတ်တွေဟာ
တိုင်းချစ်ပြည်ချစ် မြန်မာ့မျိုးချစ်တွေ ဖြစ်ခဲ့ပါတယ်။

မန္တလေးမြို့မ တူရိယာဝိုင်းကို ပထမဆုံးတည်ထောင်တော့ ဦးဆောင်သူဝါတနာရှင် တချို့ဟာ ဗမာစကားမတတ်တဲ့ တရုတ်အမျိုးသားတွေလို့ ကြားဖူးပါတယ်။ မန္တလေးရဲ့ဘာသာ၊ သာသနာကိုတက်တက်ကြွကြွ ဦးဆောင်နိုင်ခဲ့တဲ့ ဦးကာ သ၊ လဘက်ခြောက်ပိုင်ရှင်ဟာ တရုတ်လူမျိုးပါ။ 


လွတ်လပ်ရေးအကြိုခေတ်က ဦးလန်ထောင်ဆိုတဲ့ တရုတ်အမျိုးသား ဟာ တရုတ်ဘိန်းစားတွေအကူအညီနဲ့ ဂျပန်ဂိုဒေါင်
ထဲက သားရေတွေခိုးထုတ်ပြီး ဂျပန်ခေတ်ဘီအိုင်အေ ဗမာ့တပ်မတော် သားတွေစီးဘို့ အသက်ကိုမငဲ့ဘဲ စစ်ဖိနပ်တွေချုပ် လှူဒါန်းခဲ့တယ်။

အဲဒီတော့ ဘယ်လူမျိုးခြားဖြစ်ပစေ၊ ကိုယ့်မြေမှာနေထိုင်ပြီး ကြီးပွားချမ်းသာပေမဲ့ ကိုယ့်အမျိုးဇာတိလို့ခံယူပြီး၊ အများအ ကျိုးဆောင်ရွက်သူတွေ၊ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ကိုယ့်ပြည်သူတွေဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သူတိုင်းကို ကျနော်တို့ ဗမာပြည်ဘွား၊ စစ်စစ်တွေက အမြဲဂုဏ်ပြုနေတာ ခေတ်အဆက်ဆက်ကတည်းကပါ။


 တရုတ်နွယ်ဘွားတွေ၊ အိန္ဒိယဘွား မြန်မာမျိုးချစ်တွေ၊ တိုင်းကျိုးပြည်ကျိုးဆောင်သူတွေ၊ အတိတ်ကရော၊ ကနေ့ရော လက်ချိုးရေတွက်လို့ မကုန်နိုင်ပါဘူး။

လွတ်လပ်ရေးကျိုးပမ်းစဉ်ကရော၊ မဆလတပါတီခေတ်မှာရော၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာရော၊ နောက်ပိုင်းစစ်  အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာပါ ညှဉ်းဆဲခံ၊ ထောင်ကျခံ၊ အသေခံစည်းစိမ်ပြုတ်ခံပြီး တိုက်ပွဲဝင်ခဲ့သူတွေ လက်ချိုး ရေတွက်မကုန်ပါဘူး။ ဒီလိုဘာသာခြား၊ လူမျိုးခြား မြန်မာ့မျိုးချစ်သူရဲကောင်းတွေ နောက်လည်းရှိအုံးမှာပါ။


ဒါပေမဲ့ဝိသမသလောဘသား၊ အတ္တသမားစီးပွားရှာသူတွေဆို ဗမာ၊ ဗမာချင်းတောင်ရွံ့ရှာပြီး၊ ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ မလိုမုန်းတီးစိတ်ရှိကြပါတယ်။ ဒီကနေ့အာဏာပိုင်တွေနဲ့ပေါင်း၊ လုပ်ပိုင်ခွင့်တွေယူ ဗမာခရိုနီစီးပွားရေးသမားတွေကို ပြည် သူတွေက ဘယ်လိုသဘော ထားသလဲဆိုတာ ရှင်းပါတယ်။


ကျနော်တို့ကလူမျိုးရေးတွေပြောနေတာမဟုတ်၊ ကျဉ်း မြောင်းတဲ့ အမျိုးသားရေးကိုပြောနေတာမဟုတ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာခြားမဆို ကိုယ်နေထိုင်တဲ့ တိုင်းပြည်အပေါ် သစ္စာရှိဘို့၊ ပြည်သူတွေအပေါ်တန်ဘိုးထားဘို့၊ တိုင်းကျိုးပြည်
အကျိုးဆောင်ရွက်ပေးဘို့ ပြောနေတာပါ။

ဒီကနေ့ တရုတ်နိုင်ငံသားတွေ၊ တရုတ်လူမျိုးတွေအပါအဝင် တိုင်းတပါးလူမျိုးတွေသာမက ဗမာတိုင်းရင်းသားတွေ
ကအစ
ကျနော်တို့ တိုင်းပြည်နဲ့လူမျိုးအပေါ် ယူဘို့ကွက်ကွက်သာကြည့်ပြီး ပြန်မပေးဆပ်ကြတာကို ပြောနေတာ။ 

(စစ်အာဏာ ပိုင်တွေနဲ့ ယူနီဖောင်းချွတ်တွေအကဲဆုံး)အရာရာဟာပြောင်းလဲမယ်၊ ပျက်ဆီးမယ်၊ ဘာမှမမြဲဘူးအဟာင်း
တွေနေ ရာမှာ အသစ်၊ အသစ်တွေအစားထိုးမယ်၊ တရားနဲ့ဖြေသိမ့်ကြ၊ အပြောင်းအလဲကိုလက်ခံကြဆိုပေမဲ့၊ ကျနော်တို့ အဲဒီအ ပြောင်းအလဲကို၊ ဘယ်လိုပုံစံ၊ ဘယ်အတိုင်းအတာ၊ ဘယ်လိုကာလအထိစံချိန် စံညွှန်းထားလုပ်ဆောင်ကြမှာလဲ? လက်ခံ ကြမှာလဲ?။

 ပြီးတော့မိမိတို့အမျိုးသားစိတ်ဓာတ်၊ အမျိုးသားယဉ်ကျေးမှုကိုဘယ်လိုပုံစံအဓိပ္ပါယ်ဖွင့် ခံယူကြမှာလဲဆိုတာ တော့ နိုင်ငံ
သားတိုင်း ကိုယ့်ဖာသာ၊ ဆုံးဖြတ်ကြရမှာ ဖြစ်တယ်။

ဒီခေတ်လိုသာ အမျိုးသားသစ္စာဖောက်တွေနဲ့ တိုင်းတပါးသားသစ္စာမဲ့များ ကြီးစိုးနေသရွေ့ ကျနော်တို့က ဝံသာနုခေတ် ကြွေးကြော်သံကို ထပ်အော်ရအုံးမှာပဲ …


ဗမာပြည်သည်… ဒို့ပြည်။
ဗမာစာသည်… ဒို့စာ။
ဗမာစကားသည်… ဒို့စကား။
ဒို့ပြည်ကို ချစ်ပါ။
ဒို့စာကို… မြတ်နိုးပါ။
ဒို့စကားကို… လေးစားပါ။
ဆိုတာပဲ။



ကိုညို (အော်စလို)

0 comments:

Post a Comment