Pages

Monday, July 23, 2012

၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် သုံးလပတ်အရှုံးနှင့် Microsoft ကြုံတွေ့



Microsoftသည် သုံးလပတ် စာရင်းရှင်းတမ်းအရ အရှုံးပေါ်ခဲ့သည့်နောက် (၂၆)နှစ်အတွင်း ပထမဆုံးအကြိမ် အရှုံးပြမှု ဖြစ်လာကြောင်း သိရှိရသည်။


 Microsoftသည် လွန်ခဲ့သော (၂၆)နှစ်က အများပိုင် ကော်ပိုရေးရှင်းကြီး တစ်ခုအဖြစ် ပြောင်းလဲခဲ့သည့်နောက် မည်သည့်အခါကမျှ အရှုံးပြခဲ့ခြင်း မရှိချေ။

သို့သော်လည်း နည်းပညာ ကော်ပိုရေးရှင်းကြီး ပိုင်ဆိုင်သည့် Onlineကြော်ငြာ လုပ်ငန်းတစ်ခုတွင် ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ (၆.၂)ဘီလျံမျှ ရှိခဲ့သည့်အတွက် Microsoftသည် ယခုနှစ် ဒုတိယ သုံးလပတ်တွင် ဒေါ်လာ သန်း(၅၀၀)မျှ အရှုံးပြလာခဲ့သည်။


Microsoftသည် aQuantive ကြော်ငြာလုပ်ငန်းကို (၂၀၀၇)ခုနှစ်က သိမ်းသွင်းခဲ့သော်လည်း Online အချက်အလက် ရှာဖွေမှုနှင့် ကြော်ငြာကဏ္ဍတွင် Google၏ ကြီးစိုးမှုကို မတွန်းလှန်နိုင်ခဲ့ချေ။

 Microsoftက သုံးလပတ် ပထမဆုံး အရှုံးပြကြောင်း ဖော်ပြခဲ့သော်လည်း ယင်းအချက်သည် ကော်ပိုရေးရှင်း၏ ရှယ်ယာတန်ဖိုးများကို ထိခိုက်မှု မရှိခဲ့ချေ။

 Microsoft၏ သုံးလပတ် စုစုပေါင်း ဝင်ငွေသည် ယခင်သုံးလထက် (၄)ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ (၁၈.၁)ဘီလျံထိ ရှိလာခဲ့သည်။


ထို့အပြင် အောက်တိုဘာလတွင် ထုတ်လုပ်ရောင်းချမည့် Windows 8အတွက် များစွာ မျှော်လင့်နိုင်သော အခြေအနေကြောင့် Microsoft၏ ရှယ်ယာတန်ဖိုးသည် ဆက်လက်၍ တက်ရိပ်ပြလာဖွယ် ရှိနေသည်။

 ဝါရှင်တန်တွင် အခြေစိုက်သော Microsoftသည် (၁၉၈၆)ခုနှစ်၊ မတ်လက အများပိုင် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးနောက် တစ်ကြိမ်မျှ သုံးလပတ် အရှုံးပြမှု မရှိခဲ့ကြောင်း သိရှိရသည်။

Source: DailyMail,Planet Myanmar Media:

0 comments:

Post a Comment