Pages

Thursday, June 21, 2012

KIO နယ်မြေမှ အစိုးရ အုပ်ချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသားများ ဖမ်းဆီးခံရ

KIO နယ်မြေမှ အစိုးရ အုပ်ချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသားများ ဖမ်းဆီးခံရ

 မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းမှ ဒုရဲအုပ် ထုတ်ပြန်သည့်အမိန့်စာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသော အဆောင်မှူးတစ်ဦးလည်းဖြစ်သူ ဦးလထော်ဘရန်ရှောင်အား (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန်  ရပ်ကွက် ရယက ဥက္ကဌ သက်သေများနှင့်အတူ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးသွားကြာင်းသိရသည်။


မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ ၁၀ဦးကျော်သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေမှတိမ်းရှောင်လာသူ ဦးလထော်ဘရန်ရှောင် (၂၉) နှစ်အား ဇွန်လ ၁၇ ရက် တနင်္ဂနွေ ည ၉ နာရီချိန်တွင် ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး စစ်ဆေးရန်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒုက္ခစခန်းမှသိရသည်။

“ည ၉ နာရီလောက်မှာ လာဖမ်းသွားတယ်။ အမှတ် (၁) ရဲစခန်းမှူးကိုယ်တိုင် လာတယ်။ သူတို့အားလုံး ခြောက်ယောက်ဟုတ်တယ်။ ဖောက်ခွဲမှုမသင်္ကာမှုနဲ့ လာဖမ်းတယ်လို့ပြောတယ်။ ဧည့်စာရင်းမှတ်တမ်းထဲမှာလည်း အဲလိုပဲရေးထားတယ်။ ၂၄ နာရီအတွင်း စစ်ဆေးပြီး အပြစ်မတွေ့ရင် ပြန်လွှတ်မယ်လို့တော့ပြောတယ်” ဟု ဒုက္ခသည် စခန်းတာဝန်ခံ ဦးမရန်လဘုန်ပြောသည်။

၎င်းအား ဖမ်းဆီးသွားစဉ်တွင် ဒုက္ခသည်စခန်းအတွင်း တစုံတရာရိုက်နှက်မှုမရှိသော်လည်း ရဲစခန်းအတွင်းသို့ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်နေ၍ ဒုက္ခသည်တာဝန်ရှိသူများစိုးရိမ်နေသည်။

“သူ့တို့က ပေါက်ကွဲ (၃) ဆိုပြီးဖမ်းတယ်။ ဘာသက်သေ အထောက်အထား မရှိဘဲနဲ့လာဖမ်းတယ်။  စစ်ဆေး မေးမြန်းမယ် ဆိုပြီးဖမ်းသွားတာဖြစ်တယ်။ ဖမ်းသွားတဲ့ညက ကျနော်လည်းလိုက်သွားတယ်။ သူတို့က အခန်းထဲမှာ စစ်ဆေးမေးမြန်းနေတယ်။ ကျနော်က ဧည့်ခန်းမှာနေတော့ ဘာတွေလုပ်လဲ ဘာမှမသိလိုက်ဘူး။ မြစ်ကြီးနား စရဖရုံးမှာ ဟုတ်တယ်” ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦး ပြောသည်။

ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးသွားစဉ် အပြစ်မတွေ့ပါက တစ်ရက်အတွင်း လွှတ်ပေးရန်ပြောဆိုခဲ့သော်လည်း ယခုချိန်ထိ မလွှတ်သေးသည့်အပြင် ၄င်းအားဘယ်နေရာတွင် ဆက်လက်ဖမ်းဆီးထားကြောင်းကိုလည်း သတင်းမရတော့ကြောင်း ဒုက္ခသည်တစ်ဦးဆက်ပြောသည်။

“ကျနော်တို့သိတာက စရဖရုံးမှာရှိတယ်လို့ထင်ထားတာ။ နောက်နေ့ညကျတော့ မသိတော့ဘူးလို့ပြောတယ်။ အဲဒီနေရာမှာမရှိတော့ဘူးလို့ပြောလာတယ်။ ဘယ်နေရာကို ခေါ်သွားသလဲဆိုတော့ အတိအကျမပြောဘူး။ ဘယ်ကိုခေါ်သွားတာ တိကျမသိရတော့ ကျနော်တို့်လည်း မေးမြန်းနေတယ်။ သမ္မတဆီကို စာပို့ဖို့ ပြင်ဆင်နေတယ်” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

ဦးဘရန်ရှောင်ဦးဘရန်ရှောင်သည် ကလေး ၃ဦး ဖခင်ဖြစ်ပြီး   အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA များ လွန်ခဲ့သည့် လပိုင်းစမှ၍ တိုက်ပွဲဖြစ်ပွားနေသည့် နေရာ ၀ိုင်းမော်မြို့နယ် အင်ပေါန် (Npawn) ကျေးရွာမှဖြစ်သည်။

ဂျန်မိုင်ကောင်စခန်းတွင်ခိုလှုံနေသည်မှာ ၁ နှစ်ခန့်ကြာပြီဖြစ်ကြောင်းနှင့် ၄င်းသည် ဗမာစကား ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သောကြောင့်လည်း မိသားစုဝင်များက စိတ်ပူပန်နေကြသည်။  

“သူကဘာမှ မလုပ်ဘူး။ နေ့စားပဲလုပ်ရင်း ကျွန်မတို့ ကိုလုပ်ကျွေးနေတဲ့သူဟုတ်တယ်” ဟု ယောက္ခမ ဖြစ်သူ ဒေါ်ဖောင်ဂျဲထုပြောသည်။

ဂျန်မိုင်ကောင် နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းတွင် လူဦးရေ ၇၀၀ ခန့်ခိုလှုံနေကြသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင်လည်း ဂျန်မိုင်ကောင် ကက်သလစ် အသင်းတော်ရှိ ဒုက္ခသည်စခန်းတွင်လည်း ဒုက္ခသည် ဦးမနမ်ပတ်တူး ဆိုသူအား စခန်းအတွင်းရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက် ၎င်း၏မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးတော့ကြောင်း သိရသည်။

မြန်မာအစိုးရစစ်တပ်များသည် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ အထူးသဖြင့် ကေအိုင်အိုနယ်မြေမှ ထွက်ပြေးခိုလှုံလာကြသော စစ်ပြေးဒုက္ခသည်အမျိုးသားများကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)အပြင် ဖောက်ခွဲမှုနှင့်ဆက်စပ်၍ မသင်္ကာသူတွေအဖြစ် နေ့စဉ်ဆိုသလိုဖမ်းဆီးမှုများပြုလုပ်နေသည်။

သို့သော် ဖမ်းဆီးမှုပြုလုပ်စဉ်တွင် ၄င်းတို့ကို ရဲစခန်းတွင်း ရိုက်နှက်စစ်ဆေးမှုပြုလုပ်နေကြောင်းသိရသော်လည်း ထို့နောက်တွင်မူ မိသားစုဝင်များနှင့်လည်းတွေ့ခွင့်မပေးပဲ မည်သည့်နေရာတွင် ဆက်လက်ဖမ်းဆီးထားသည် ကိုပင် မသိရတော့ကြောင်း မိသားစုဝင်များပြောသည်။

ဤကဲသို့ အစိုးရအုပ်ချုပ်နယ်မြေတွင်ရှိသော စစ်ဘေးဒုက္ခများခိုလှုံရာစခန်းများတွင် ဒုက္ခသည်များအား ဖမ်းဆီးမှုများ ပုံမှန်ဖြစ်ပေါ်နေသောကြောင့် စခန်းတွင် လုံခြုံမှုမရှိဟု ဒုက္ခသည်များ စိုးရိမ်ကြောက်လန့် နေကြသည်။

အစိုးရစစ်တပ်သည် ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍  မသင်္ကာမှုဆိုကာ ကေအိုင်အိုနယ်မြေကျွမ်းကျင်သူ ဒုက္ခသည်အမျိုးသားများကိုရွေးထုတ်ဖမ်းဆီးပြီး ကေအိုင်အိုနှင့်ပတ်သက်ဆက်နွယ်မှုအပြင် နယ်မြေကျွမ်းကျင်မှုများကိုပါ မေးမြန်း၍ မိသားစုများနှင့် အဆက်သွယ်ဖြတ်ကာ စစ်ဆေးမှုပြုလုပ်နေကြောင်း ကိုသာ အကြောင်းပြန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

0 comments:

Post a Comment