Pages

Thursday, June 21, 2012

ရှေးဟောင်း အဆောက်အအုံအချို့ကို ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုသွားမည်၊


ရှေးဟောင်း အဆောက်အအုံအချို့ကို ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုသွားမည်၊ 



အမှတ်(၆၀၄/၆၀၈) ကုန်သည်လမ်းရှိ ယခင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရုံးဟောင်း(၃)ထပ် အဆောက်အအုံအား ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံအချို့နှင့် မန္တလေးမြို့ရှိ မြေနေရာအချို့အား ဟိုတယ်အဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့်အား ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရှိရသည်။

ယင်းကဲ့သို့ ဟိုတယ်အဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် အဆောက်အအုံများမှာ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ အမှတ်(၇၇/၉၁)ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယခင်ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ရုံးဟောင်း(၃) ထပ်အဆောက်အအုံ၊ အမှတ် (၆၀၄/ ၆၀၈)ကုန်သည်လမ်းရှိ ယခင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏
ရုံးဟောင်း(၃)ထပ် အဆောက်အအုံ၊ အမှတ်(၁၉/၄၃) ဗိုလ်ဆွန်ပက်လမ်းရှိ ယခင်ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ်(၅)ရုံးဟောင်း၏ လေးထပ် အဆောက်အအုံနှင့် အမှတ်(၅၆၉/၅၇၇) ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ရန်ကုန်မြို့ရှိ ယခင် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရုံးဟောင်း၏ လေးထပ် အဆောက်အအုံတို့ဖြစ်ကြပြီး မန္တလေးမြို့၊ နန်းတော်ရာကွင်း၊ အမှတ်(၆၁၃)၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ် တို့ဖြစ်ကြောင်းလည်း သိရှိရသည်။
ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုသွားမည့် အဆောက်အအုံများ၏ သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။

''ရန်ကုန်က အဆောက်အအုံ တချို့နဲ့ မန္တလေးက မြေနေရာတစ်ခုကို ဟိုတယ်အဖြစ် လုပ်ကိုင်ဖို့ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေကို ချထားပေးမယ်။ နှစ်ရှည်ငှားရမ်းတဲ့ နေရာမှာလည်း နှစ် ၃၀၊ ပြီးရင် ၁၅ နှစ်စသဖြင့် ချထားပေးသွားမှာပါ။ အခုတော့ တင်ဒါ ခေါ်ထားတုန်းပါပဲ''ဟုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ တင်ဒါခေါ်ယူထားသော်လည်း လက်ရှိအချိန်ထိ တင်ဒါလာရောက်လျှောက်ထားမှု မရှိသေးကြောင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုများသာ ရှိနေသေးကြောင်းလည်း သိရှိရသည်။

ယင်းကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ဟိုတယ်အဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရာ၌ စီးပွားရေးအရ မြေနေရာ မျက်စိကျပြီး တွက်ခြေကိုက်မှုထက် ရှေးဟောင်းအဆောက်အအုံတန်ဖိုးကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းလည်း ဗိသုကာပညာရှင်များက သုံးသပ်ခဲ့ကြသည်။
''အခုအဆောက်အအုံတွေကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုဖို့ တင်ဒါခေါ်တဲ့အထဲမှာ ရှေးဟောင်းအဆောက်အအုံတွေ ပါဝင်တယ်။ ဟိုတယ်လုပ်တာက လုပ်လို့ရပါတယ်။ ဒါပေမယ့် အရင်ဆုံး ဒီအဆောက်အအုံတွေကို မြတ်နိုးသင့်တယ်။ အလကား ပစ်ထားမယ့်အစား တနည်းနည်းနဲ့ ပြန်အသုံးချတာ လုပ်လို့ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြေနေရာကို မျက်စိကျပြီး  building ကို တန်ဖိုးမထားတာမျိုးတော့ မဖြစ်သင့်ဘူး။ နောက်ပြီး ဆေးရောင်တွေကို အကြောင်အကြားတွေ လျှောက်ခြယ်တာမျိုးတွေနဲ့ အဆောက်အအုံရဲ့ မူလတန်ဖိုး ပျောက်သွားအောင် မလုပ်သင့်ဘူး။ ဒီမှာက ရှေးဟောင်းအဆောက်အအုံတွေ ထိန်းသိမ်းဖို့ regulation တွေ၊ guideline တွေ မရှိသေးတော့ ပြဿနာရှိတယ်။ ဒါကြောင့် ရှေးဟောင်းအဆောက်အအုံကို သေချာ တန်ဖိုးထားသင့်တယ်။ စီးပွားရေးသက်သက် လုပ်တာမျိုး မဖြစ်သင့်ပါဘူး''ဟုလည်း မြန်မာနိုင်ငံ ဗိသုကာအသင်း၊ ဥက္ကဋ္ဌဦးဆန်းဦးက ပြောကြားခဲ့သည်။
အလားတူ ဗိသုကာအသင်း၏ ဥက္ကဋ္ဌဟောင်း ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ ဦးသန်းတင်အောင်ကလည်း ''အခုဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုမယ့်အထဲမှာ ရှေးဟောင်းအဆောက်အအုံ အချို့လည်း ပါဝင်ပါတယ်။ ရန်ကုန်မှာ ရှေးဟောင်းအဆောက်အုံ ၁၈၉လုံး ရှိတဲ့အထဲမှာ ၀န်ကြီးများရုံးကိုတော့ ပြတိုက်အနေနဲ့ပဲ ထားရှိဖို့ ကျွန်တော်တို့ တိုက်တွန်းကြပါတယ်။ ကျန်တဲ့အဆောက်အအုံထဲက အခုလေးခုကို ဟိုတယ်လုပ်ကိုင် ခွင့်ပြုမယ်ဆိုပေမယ့်လည်း အဆောက်အအုံရဲ့ အပြင်ပိုင်းကတော့ မူလပုံစံမပျက် ရှိနေပြီးတော့ အတွင်းပိုင်းကတော့ ဟိုတယ်အသွင် လုပ်ကိုင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဟိုတယ်ဆောင်ရွက်မယ့် အဆောက်အအုံလေးခုကလည်း နှစ်သက်တမ်းအားဖြင့် ကြာမြင့်နေပေမယ့် အသုံးပြုခဲ့ပုံ ကွာခြားပါတယ်။ တချို့ကို စီးပွားရေးအရ အသုံးပြုခဲ့တယ်။ တချို့ အဆောက်အအုံတွေမှာတော့ သမိုင်းကြောင်းအရ ထင်ရှားတယ်''ဟု ပြောကြားခဲ့သည်။

Eleven Media Group:

0 comments:

Post a Comment