Pages

Tuesday, June 19, 2012

တန်ဖိုးနည်း မိုဘိုင်းဖုန်း များ နည်းပညာပိုင်းနှင့် အရည်အသွေးပိုင်း အားနည်းနေဆဲ


တန်ဖိုးနည်း မိုဘိုင်းဖုန်း များ နည်းပညာပိုင်းနှင့် အရည်အသွေးပိုင်း အားနည်းနေဆဲ




အများပြည်သူများ လွယ်လွယ်ကူကူ ၀ယ်ယူသုံးစွဲနိုင်သည့် တန်ဖိုးနည်းမိုဘိုင်း ဖုန်းများတွင် နည်းပညာပိုင်းနှင့် အရည်အသွေးများ လိုအပ်ချက်ကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အဖြစ်အများဆုံးအဖြစ် တန်ဖိုးနည်း ဖုန်းများ၏ ဆင်းမ်ကတ်ပျက်စီးခြင်းများ၊ အရည်အသွေးညံ့ဟန်းဆက်များ အများအပြား ၀င်ရောက်နေခြင်းတို့ဖြစ်သည်။

"ကောင်းတဲ့ဘက်က ကြည့်မယ်ဆို အားလုံးဖုန်းကိုင်နိုင်လာတယ်။ တခြား တစ်ဖက်ကတော့ အရည်အသွေးပိုင်းနဲ့ နည်းပညာပိုင်းမှာ ကျွမ်းကျင်တဲ့သူတွေလည်း တော်တော်လိုနေပါသေးတယ်" ဟု SKY LIGHT မိုဘိုင်းဆိုင်မှ မရတနာ က ပြောသည်။
တန်ဖိုးနည်း မိုဘိုင်းဖုန်းများတွင် ထုတ်လုပ်မှုအရည်အသွေး လိုအပ်ချက်များကြောင့် ဆင်းမ်ကတ်များ အသုံးမပြုမီ ပျက်စီးခြင်းများ၊ သံပြားပါးလျနေသည့်အတွက် ပျက်စီးခြင်း စသည့်အချက်များကြောင့်သုံးစွဲသူများက ဆင်းမ်ကတ်ပြန် လည်လျှောက်ထားမှု များပြား ခြင်းတို့ ဖြစ်သည်။
ဆင်းမ်ကတ်ပြန်လည်လျှောက်ထားခွင့်ကို အခမဲ့ဆောင်ရွက်ပေးမည်ဟု ဆက်သွယ်ရေးက ထုတ်ပြန်သော်လည်း "ဘာမှပေးစရာ မလိုဘူး။ တစ်ပတ်အတွင်းရမယ်လို့ ဂျာနယ်တွေရေးနေပေမယ့် တကယ့်လက်တွေ့မှာ ပိုက်ဆံလည်း ပေးနေရသေးတယ်။ ဆင်းမ်ကတ်လည်း မရသေးပါဘူး။ သင်္ကြန်တွင်း ကတ်ပျက်လို့ ငွေကျပ် ၃၀,၀၀၀ နဲ့ ပြန် လျှောက်ထားတာ ခုထိမရသေးပါဘူး" ဟု နေပြည်တော်၊ ပျဉ်းမနားရှိ ဆင်းမ် ကတ်ပျက်စီးသူတစ်ဦးက ပြောသည်။
တန်ဖိုးနည်းဖုန်းများ အပါအ၀င် မိုဘိုင်းဖုန်းတွင် အသုံးပြုနိုင်မည့် အင်တာနက်လိုင်းများ ဖွင့်ပေးခြင်းတွင်လည်း နည်းပညာ လိုအပ်ချက်ကြောင့် ကြန့်ကြာမှုများစွာကို သုံးစွဲသူများတွေ့ကြုံနေရသည်။
"မေလပိုင်းမှာ ဖွင့်ပေးတဲ့အင်တာနက်လိုင်းမှာ မနက်လိုင်းဖွင့် ညနေဆို သုံးရပေါ့နော် အဆင်ပြေခဲ့တယ်။ ခုနောက်ပိုင်းက ဘယ်လိုမှ အဆင်မပြေတော့ဘူး။ Register သွင်းတဲ့အပိုင်းမှာ Delay ဖြစ်တယ်။ နောက်ပြီး လူအင်အားနည်းတာကလည်း ပါမယ်"ဟု မရတနာက ဆက်ပြောသည်။
ပြည်နယ်နှင့်တိုင်းအလိုက် ချထားပေးခဲ့သည့် မိုဘိုင်းဖုန်းများကို ဝေငှသုံးစွဲနေမှုကြောင့် ဆင်းမ်ကတ်ပျက်စီးပါက ချထားပေးသည့် ပြည်နယ်/တိုင်းတို့ကသာ ပြန်လည်လျှောက်ထားရသောကြောင့် အချိန်ကြန့်ကြာခြင်းများဖြစ် ပေါ်လာသည်ဟု မိုဘိုင်းအသိုင်းအ၀ိုင်း က ပြောသည်။
"အရင်ဖုန်းတွေနဲ့တော့ ကွာတာပေါ့။ တန်ဖိုးနည်းတွေက ထုတ်ပေးတဲ့နယ်မြေ အလိုက်ဆိုရင် ကောင်းပါတယ်။ နယ် ကျော်သွားပြီ ဆိုရင်တော့ မသေချာတော့ဘူး။ Error တက်မယ်၊ ဆက်သွယ်မှု ဧရိယာပြင်ပ စတာတွေ ဖြစ်နေပါတယ်" ဟု တန်ဖိုးနည်းဖုန်းများ၏ အားနည်းချက်ကို ဖုန်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အင်တာနက်လိုင်းသုံးစွဲမှု အဆင်ပြေ ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကောင်းမွန်လာနိုင်မည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းသုံးသပ် နေကြသည်။

ဈေးနှုန်းသက်သာပြီး အရည်သွေးညံ့ ဟန်းဆက်များ ၀င်ရောက်လာခြင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ မိုဘိုင်းဆိုင်ရှင်တစ်ဦးက "သူတကာတွေ တင်ထားတဲ့ အတွက်သာ ဒီတရုတ်ဟန်းဆက်တွေ တင်ထားတာပါ။ ၀ယ်သူတွေကိုလည်း မတတ်သာတဲ့အဆုံးသာ ၀ယ်ခိုင်းတာပါ။ ဖြစ်နိုင်မယ်ဆို ဈေးနှုန်းသင့်ပြီး ကွာလတီကောင်းတဲ့ ဟန်းဆက်တွေပဲ ညွှန်းပါတယ်"ဟု ဟန်းဆက်များ အကြောင်းကို မြန်မာတိုင်း(မ်)အား ပြောသည်။ကွာလတီကောင်းသော ဈေးနှုန်းသင့်သော ဟန်းဆက်ဈေးကွက် ပေါ်ပေါက်ရေးသည်လည်း မြန်မာနိုင်ငံတွင် လိုအပ်နေသေးကြောင်း ဖုန်းသုံးစွဲသူများက သုံးသပ်ကြသည်။

ယခုကဲ့သို့ မိုဘိုင်းဖုန်းပြဿနာ အများအပြား တက်နေရခြင်းမှာ အများပြည်သူများအနေဖြင့် ဗဟုသုတ အားနည်းချက် များကြောင့် လည်း ဖြစ်နိုင်သည်ဟု ပျဉ်းမနားမြို့ဒေသခံများက ပြောကြသည်။တန်ဖိုးနည်းဖုန်းများဟု သတ်မှတ်ထားသော်လည်း ၀ယ်ယူသုံးစွဲရန် အခက်အခဲရှိဆဲ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။

"အရစ်ကျတွေနဲ့ ရောင်းပေးရတယ် ဆိုကတည်းက ဒါဆို အားလုံးမသုံးနိုင်သေးတာပဲ။ ဒါ လိုနေသေးတယ်ဆိုတဲ့ အချက်ပဲ"ဟု ပျဉ်းမနားမြို့ ဒေသခံ လူငယ်တစ်ဦးဖြစ်သည့် ကိုမောင်မောင် က ပြောသည်။ဆက်သွယ်ရေးလုပ်ငန်း၏ အသုံးပြုခအဖြစ် မြို့တွင်းခေါ်ဆိုမှုကို တစ်မိနစ် ကျပ် ၅၀၊ နယ်အဝေးကို ၇၅ ကျပ်၊ မက်ဆေ့ခ်ျ တစ်မိနစ်ကို ၂၅ ကျပ်ဟု သတ်မှတ်ထားသည်။

သို့သော် လွဲချော်မှုများတွင် မက်ဆေ့ခ်ျတစ်စောင်လျှင် ကျပ် ၁၀၀ နှင့် ခေါ်ဆိုမှု နှုန်းထားများကို သတ်မှတ်ချက်ထက်ကျော်လွန် ကျရောက်ခြင်းကို မကြာခဏကြုံတွေ့ရသည်ဟု သိရသည်။နိုင်ငံခြားခေါ်ဆိုမှုများ သုံးစွဲနိုင်ရန် ဆက်သွယ်ရေးသို့ လျှောက်လွှာထပ်မံ တင်သွင်းရခြင်းများဖြင့် အချိန်ကြန့်ကြာခြင်းများ ကြုံတွေ့ရဆဲဖြစ်သည်ဟု ပြည်ပခေါ်ဆိုမှုများသူ ကိုကျော်စွာက ပြောသည်။

by: Myanmar time:

0 comments:

Post a Comment