Pages

Tuesday, June 19, 2012

ရခိုင်ပြည်နယ်မှ အရေးအခင်းများသည် ဘာသာရေးပဋိပက္ခများကြောင့်မဟုတ်


ရခိုင်ပြည်နယ်မှ အရေးအခင်းများသည် ဘာသာရေးပဋိပက္ခများကြောင့်မဟုတ်



ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေ များအား ရှင်းရှင်းလင်းလင်း ရပ်တန့်နိုင် ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပြည်သူလူထုအားလုံး ပါဝင်ကြိုးပမ်းကြရန် နိုင်ငံရေးအင်အားစုများက တိုက်တွန်းလိုက်သည်။

လက်ရှိဖြစ်ပွားနေသော ကိစ္စရပ်များမှာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဘာသာရေးပဋိက္ခများ၊ မုန်း တီးမှုများကြောင့် မဟုတ်ဘဲ ပြင်ပမှ လူမျိုးစုတစ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် အစဉ်တစိုက် လုပ်ဆောင်ခဲ့သောလုပ်ရပ် များကြောင့်ပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုအတွင်းနေထိုင်ကြသော ဘာသာကွဲများအကြား စိတ်ဝမ်းမကွဲစေဘဲ စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းဖြေရှင်း နိုင်ရန်လိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ဦးအေးသာအောင်ကပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ရခိုင် ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေ သော ပဋိပက္ခများအပေါ် ၎င်းတို့ သဘောထားကို မိတ်ဖက်ပါတီများဖြစ်သည့် ရခိုင်တိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားများ ဒီမိုကရေစီ ပါတီ နှင့် ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီတို့ အပြင် ၈၈ မျိုးဆက်ကျောင်းသားများ၏ ဆန္ဒသဘောထားများကိုရယူကာ ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

"အခု အဖြစ်ဆိုးကြီးဖြစ်သွားပြီ။ နောက်နောင်မဖြစ်ဘူးလို့ ပြောလို့မရဘူး။ ဒါကြောင့် အခုအဖြစ်ဆိုးတွေကို ရှင်းရှင်းလင်း လင်းဖြစ် အောင် ရပ်တန့်စေလိုပါတယ်။ လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနဲ့ အခြားနေရာတွေကို ကူးစက်နေပြီ။ နောက်ထပ် အခြားမြို့တွေကို မကူးစက်ရအောင် ကြိုတင် ကာကွယ်ဖို့လိုနေတယ်" ဟု ၎င်းကပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိဖြစ်သူ ဦးခွန်ထွန်းဦးက လတ်တလော ရခိုင်ပြဿနာရပ်များအား အခြား ပြည်နယ် အသီးသီးကို ကူးမသွားစေရန် အားလုံးဝိုင်းငြှိမ်းသတ်ရန် အရေးကြီးကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြတ်သားသည့် နိုင်ငံရေးမူဝါဒချမှတ်ကာ ဆောင်ရွက်ရန်လို ကြောင်း ပြောသည်။

"အခုကိစ္စက ပြည်ထောင်စုပြဿနာဖြစ်သလို တိုင်းရင်းသား အရေးလည်းဖြစ်ပါတယ်။ ရခိုင်၊ ကချင်၊ ရှမ်းမှာဖြစ်တာ ငါနဲ့မဆိုင် ဘူးလို့ ပြောလို့မရဘူး။ အားလုံးဝိုင်းလုပ်ရမှာ"ဟု ဦးခွန်ထွန်းဦးက ပြောသည်။

ဒီမိုကရေစီနိုင်ငံသစ်သို့ ကူးပြောင်းနေသော အစိုးရဌာနများ အနေဖြင့် ယခုအဖြစ်အပျက်များကို သင်ခန်းစာယူကာ နယ်စပ် ဒေသ နေပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် ကာကွယ်ရေး အစီအမံများချထားပေးရန် လိုအပ်ကြောင်း ၎င်းတို့က ပြောသည်။

ထို့ပြင် လက်ရှိဒုက္ခသည်စခန်းတွင်ရောက်ရှိနေသော ဒေသခံ များအတွက်လည်း လုံလောက်သော ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို အမြန်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရန် လိုအပ်နေကြောင်း ၎င်းတို့က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက "အခု ပြင်ပမှာပြောနေကြတာက လူသားဝါဒ ဆိုတာတွေ၊ နယ်နိမိတ်ဆိုတာပဲ မရှိတော့သလို ပြောနေတာကို ကြားရတယ်။ ဒုက္ခရောက်နေတဲ့သူကို လူသားချင်း စာနာထောက် ထားပြီး ဒုက္ခသည်အဖြစ် ဖေးမဆက်ဆံတာကတစ်ပိုင်း၊ ကိုယ့် နိုင်ငံသား အကျိုးစီးပွားကိုကာကွယ်ဖို့ အမျိုးသားနိုင်ငံရေးအရ စိစစ်လက်ခံ တာက တစ်ပိုင်း"ဟု ဦးကိုကိုကြီးက ပြောသည်။

"ဒီအချိန်မှာ လူစုလူဝေးနဲ့ ပဋိပက္ခတွေကို ပိုကြီးထွားအောင် မလုပ်ဖို့ အမျိုးသားရေးစိတ်ဓာတ်နဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ အလေးအနက် တိုက်တွန်းပါတယ်။ နိုင်ငံရေးအရဖြေရှင်းတဲ့အခါမှာလည်း သမိုင်း၊ ယဉ်ကျေးမှု၊ ဥပဒေ ဘက်ပေါင်းစုံ ကနေ ချဉ်းကပ်တဲ့ပုံစံနဲ့ ဖြေရှင်းစေချင်ပါတယ်" ဟု ဦးကိုကိုကြီးက ပြောသည်။
by: Myanmar Times:

0 comments:

Post a Comment