Pages

Sunday, June 3, 2012

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား အစိုးရက သံသယရှိသောကြောင့် စောင့်ကြည်ခံနေရတဲ့သဘောပင်ဖြစ်

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြား ခဲ့ပါသည်။

ယင်းနှင့်ပတ်သက်၍ ဦးကိုကိုကြီးက
ဇွန်လ ၁ ရက်နေ့ ညနေက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ
 တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သော ရှေ့နေများကွန်ရက်၏ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာ ကိစ္စရပ်များအပေါ် တင်ပြ ရှင်းလင်းဆွေးနွေးပွဲတွင် စာတမ်းဆွေးနွေးရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း
 ဖြစ်ပါသည်။

 ဦးကိုကိုကြီးက ဆွေးနွေးခဲ့ရာတွင် ၁၉၀၇ ခုနှစ် ကျေးရွာနှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်း တိုင်ကြားခြင်းနှင့်ပတ်သက်၍ 'ဤဥပဒေ ကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော အစိုးရသည် ဗြိတိသျ ကိုလိုနီနယ်ချဲ့အစိုးရဖြစ်ပြီး သက်တမ်းအားဖြင့် ၁၀၅ နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားတစ် ယာက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာသည့်အခါ ပြည်ပနိုင်ငံ များတွင် ဧည့်စာရင်းတိုင်ကြားရခြင်း မရှိဘဲ မိမိနိုင်ငံအတွင်း ခရီးသွား လည်ပတ်သည့်အခါ ဧည့်စာရင်း တိုင်ကြားရမည် ဆိုသည့်အချက်ကို နှိုင်း ယှဉ်သုံးသပ်ရန် လိုအပ်ကြောင်း၊ နိုင်ငံသားအားလုံး သန်းပေါင်း ၆၀ ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (Suspected) အဖြစ် သတ်မှတ်ခံရသည့် သဘောဖြစ်နေကြောင်း'
ဟု ပြောကြားခဲ့သည်။

မူရင်း ကျေးရွာနှင့် မြို့ပြအက် ဥပဒေပါ မြို့ပြအက်ဥပဒေ ပုဒ်မ(၄) တွင် 'ဤဥပဒေ အာဏာသက်ရောက်ရမည့် မြို့များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်'ဟု ပြဋ္ဌာန်းထားသဖြင့် မူလဥပဒေတွင်ပင် တစ်နိုင်ငံလုံးဟု ဆိုလိုခြင်း မရှိကြောင်း၊ ယင်းဥပဒေသည် နိုင်ငံသားအားလုံးအား သံသယဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ (Suspected) အဖြစ် ဂုဏ်သိက္ခာ ထိပါးစေပြီး ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့နေသည်ကို ၀မ်းနည်းဖွယ် တွေ့ရှိရကြောင်း ဦးကိုကိုကြီးက ဆက်လက် ဆွေးနွေးခဲ့ပါသည်။


မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာသည့်အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်း တိုင်ကြားရခြင်း မရှိဘဲ မိမိနိုင်ငံအတွင်း ခရီးသွားလည်ပတ်သည့်အခါ ဧည့်စာရင်း တိုင်ကြားရမည်ဆိုသည့်အချက်ကို နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်ကြောင်း၊ နိုင်ငံသားအားလုံး သန်းပေါင်း ၆၀ ခန့်သည် ပြစ်မှု ကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (Suspected) အဖြစ် သတ်မှတ်ခံရသည့် သဘောဖြစ်နေကြောင်း  .  .  .


ထို့နောက် အရေးပေါ်စီမံမှု အက်ဥပဒေနှင့်ပတ်သက်၍လည်း ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
ကို ပြဋ္ဌာန်းသည့်ကာလသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစ ရောင်စုံလက်နက်ကိုင် ပုန်ကန်မှုများကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့်ကာလ (အရေး ပေါ်အခြေအနေ ဖြစ်ပေါ်နေ
သည့်ကာလ)ဖြစ်ကြောင်း၊ အမှန်စင်စစ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ (တရားဥပဒေစိုးမိုးနေသည့် အခြေအနေ)တွင် ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်
သည့် ပြစ်မှုများပင်ဖြစ်ကြောင်း၊ သို့သော် ယင်းကာလက တည်ဆဲ အစိုးရအနေဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံးနိုင်သည့် အခြေအနေ မရှိခြင်းကြောင့် အရေးပေါ်စီမံမှု အက်ဥပဒေကို အရေးတကြီး ပြဋ္ဌာန်းကျင့်သုံးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးသည် အရေးပေါ် အခြေအနေအောက်တွင် တည်နေသည်၊ ပုံမှန်အခြေအနေ ပျက်ပြားနေသည်ဟု ဆိုလိုကြောင်း၊
 ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း မရှိဘဲ အစဉ်တစ်စိုက် ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ကြောင်း၊

 တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ခုနစ်နှစ်အစား ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် အနှစ်နှစ်ဆယ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်း ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာ မိသားစုများအလယ်တွင် မြန်မာနိုင်ငံတော်သည် ပုံမှန်အခြေအနေမရှိသည့် နိုင်ငံ၊ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားရသည့် နိုင်ငံအဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသော ဥပဒေဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုပါသည်။

အဆိုပါဆွေးနွေးပွဲသို့ သတင်း စာဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လက်ရှိတာဝန်ထမ်း ဆောင်နေသော ၀ါရင့်ရှေ့နေကြီးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသော ရှေ့နေကြီးများ တက်ရောက်ခဲ့ကြပြီး  ရှေ့နေများက တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်နှုန်းထားများအား အဆ ၁၀၀ ကျော်အထိ တိုးမြှင့်ခဲ့ခြင်းအပေါ် ဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရန်နှင့် ရှေ့နေများရုံးအား ပြန်လည်အသုံးပြုခွင့်ရရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Eleven Media Group:

0 comments:

Post a Comment