Pages

Sunday, August 11, 2024

ယူကရိန်းတပ်တွေဟာ တန်ပြန်စစ်ပွဲအဖြစ် ရုရှားနိုင်ငံထဲက ကက်ရှ်ဒေသကို အလုံးအရင်း ဝင်ရောက် တိုက်ခိုက်


သြဂုတ် ၁၁.၂၀၂၄

ယူကရိန်းတပ်တွေဟာ တန်ပြန်ကျူးကျော်စစ်ပွဲအဖြစ် ရုရှားနိုင်ငံထဲက ကက်ရှ်ဒေသကို အလုံးအရင်း ဝင်ရောက် တိုက်ခိုက်ရာမှာ ရုရှားစစ်သည်ယာဉ်တန်းတစ်ခုလုံး HIMARS ဒုံးကျည်တွေဒဏ်ကြောင့် မြင်မကောင်းအောင် ပျက်ဆီးသွားပြီး ရုရှားစစ်သား ၄၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရှိရပါတယ်။ 

ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ ရုရှား စစ်ကြောင်းတစ်ခုလုံး ကက်ရှ်ဒေသက လမ်းပေါ် အပိုင်းပိုင်း မီးလောင်ပေါက်ကွဲပျက်စီးလို့ စစ်သည်အလောင်း တွေ လမ်းပေါ် ပုံနေတာလည်းတွေ့ရ
တယ်လို့ ဆိုပါတယ်။ 
ရုရှားစစ်ကြောင်းမှာ လက်နက်ခဲယမ်းအပြည့်တင်ဆောင်ထားတဲ့ စစ်ကုန်ကား အနည်းဆုံး ၁၄ စီးဟာ ယူကရိန်း ဒုံးကျည်ဒဏ်တွေကြောင့် လမ်းပေါ် မီးလောင်ပေါက်ကွဲပြီး စစ်သားအလောင်းတွေပါ ပျံ့ကျဲနေတာဖြစ်ပါတယ်။ 

ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံအနောက်ပိုင်းက ကော့စ်ခ်ဒေသထဲအထိ ကျွံဝင်ပြီး စစ်ရေးဖော်ဆောင်နေတာကို ယူကရိန်းသမ္မတက ထုတ်ပြောလာပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံအတွင်းပိုင်း ၁၀ ကီလိုမီတာ(၆ မိုင်)အထိ ကျွံဝင် တိုက်ခိုက်နေပြီး ရုရှားရဲ့ဒေသတွင်း မြို့ငယ်တစ်ခုကို သိမ်းဖို့အထိ ခြိမ်းခြောက်ထားနိုင်တဲ့အခြေအနေ လို့ သတင်းတွေကဖော်ပြပါတယ်။

 ဒါဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက စစ်အင်အားအပြည့်နဲ့ ကျူးကျော်မှု စတင်ကတည်းကဆိုရင် ရုရှားပိုင်နက်ထဲအရောက်ဆုံး ထိုးဖောက်မှုဖြစ်လာပါတယ်။

သောကြာနေ့က တက်လာတဲ့ ဗီဒီယိုမှာ ယူကရိန်းစစ်သားတွေဟာ ရုရှားနိုင်ငံအတွင်းက ကူ့စ်ဒေသမှာရှိတဲ့ သဘာ၀ဓာတ်ငွေ့စက်ရုံတစ်ခုကို ထိန်းချုပ်လိုက်တာကို တွေ့ရပါတယ်။  အဲဒီကူ့စ်ဒေသမှာ ယူကရိန်းတပ်တွေကို ပြန်လည်တိုက်ခိုက်နေတယ်လို့ ရုရှားဘက်ကလည်း ပြောထားပါတယ်။ အဲဒီဗီဒီယိုကို ယူကရိန်းတယ်လီဂရမ်ချန်နယ် အန်တန် ဂျီရာရှန်ကို ပေါ်မှာ တင်ခဲ့တာပါ။ 

(၂၉)စက္ကန့် ကြာမြင့်တဲ့ အဲဒီဗီဒီယိုမှာ စစ်သားတွေဟာ ရုရှားဂတ်စ်ပရွန်ကုမ္ပဏီ လိုဂိုပါတဲ့ အဆောက်အဦ တစ်ခုရှေ့မှာ ရိုက်ထားတာကို တွေ့ရပြီး သူတို့ဟာ ဆူဇာမြို့ကို ထိန်းချုပ်ထားကြောင်း ပြောထားပါတယ်။ ယူကရိန်းစစ်တပ်နဲ့ သမ္မတ ဇာလန် စကီးတို့ဟာ ယူကရိန်းတပ်တွေရဲ့ ကူ့စ်ဒေသထဲ ထိုးဖောက်တိုက်ခိုက်မှုနဲ့ ပတ်သက်လာရင် ခြေသံလုံလုံနဲ့ ဆောင်ရွက်တဲ့ မူဝါဒကို တင်းတင်းကျပ်ကျပ် ကျင့်သုံးနေပါတယ်။

ရုရှားအရေးပေါ်ဝန်ကြီးဌာနက အစိုးရကော်မရှင် အစည်းအဝေးခေါ်ပြီးနောက် ကက်ရှ်ဒေသကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကြောင်း ဩဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်သွားခဲ့ပါတယ်။ 

ယူကရိန်းရဲ့ တန်ပြန်ကျူးကျော်စစ်မှာ အင်အားများပြားတဲ့ တင့်ကားတန်းအပြင် မကြာသေးခင်ကမှ အမေရိကန် ပေးအပ်လိုက်တဲ့ F-16 ဖိုက်တာတိုက်လေယာဉ်တွေနဲ့ စစ်သည်အင်အား အများအပြားပါဝင်တာကြောင့် ၄ ရက်တာတိုက်ခိုက်မှုအတွင်း ရုရှားတပ်တွေ အကျအဆုံးများပြားလွန်းနေပြီး ရွာအများစု သိမ်းပိုက်ခံနေရတာ ဖြစ်ပါတယ်။ 

၂၀၂၄ ပထမ ၄ လပတ်ကာလအတွင်း ရုရှားတပ်တွေဟာ ယူကရိန်းနယ်မြေတွေကို အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်မြှင့်တင်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ခုလပိုင်းအတွင်း အမေရိကန်နဲ့ မဟာမိတ်အင်အားကြီးနိုင်ငံတချို့က ရုရှား ပြည်တွင်းအထိ ထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ပစ်ခတ်ခွင့်ပြုလိုက်ပြီးနောက် ရုရှားပြည်တွင်းက အရေးပါတဲ့ ဆိပ်ကမ်း၊ ဆီသိုလှောင်ရုံ၊ လက်နက်ခဲယမ်းသိုလှောင်ရုံနဲ့ လေတပ်အခြေစိုက်စခန်းများစွာဟာ တိုက်ခိုက်ခံနေရ ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ပြန်လည် ဖြစ်တည်လာခဲ့တာဖြစ်ပါတယ်။ 

Ref:Thesun & AA

Thursday, August 8, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနာဂတ်အတွက် အိမ်စောင့်အစိုးရသစ်ကို ဦးဆောင်ရန် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာ


ဒါကာ။ သြဂုတ် ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျောင်းသားများ ဦးဆောင်သည့် အုံကြွမှုအတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တိုင်းပြည်ကို ၁၅ နှစ်ကြာအုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် အိမ်စောင့်အစိုးရကို ဦးဆောင်ရန်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်သည် သြဂုတ် ၈ ရက်က ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။   
ယူနွတ်လိုက်ပါလာသော လေယာဉ်သည် ပဲရစ်မှထွက်ခွာလာပြီးနောက် ဒူဘိုင်းမှတစ်ဆင့် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဒါကာမြို့သို့ ဆိုက်ရောက်လာခဲ့သည်။ သူသည် သြဂုတ် ၈ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်၏ ခေါင်းဆောင်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဟု မျှော်လင့်ရသည်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲဝါကာ-အူဇ်-ဇာမန်က နှစ်လိုဖွယ်ကောင်းသော ဒီမိုကရေစီဖြစ်စဉ် ဖြစ်လာမည်ဟု ကတိပြုထားသည်။

၈၄ နှစ်အရွယ် အသေးစားချေးငွေလုပ်ငန်းကို ရှေ့ဆောင်လမ်းပြ လုပ်ကိုင်ခဲ့သည့် ယူနွတ်အား ကြားဖြတ်အစိုးရ၏ ခေါင်းဆောင်အဖြစ် ထားရှိရန် ဆန္ဒပြကျောင်းသားခေါင်းဆောင်များက တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က သဘောတူခဲ့သည်။

“ကျွန်တော် အိမ်ပြန်လာဖို့ မျှော်လင့်စောင့်စားနေတာပါ။ ကျွန်တော်တို့ ကြုံနေရတဲ့ ပြဿနာတွေကနေ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုရုန်းထွက်နိုင်ခဲ့သလဲဆိုတာကို တွေ့နိုင်တယ်” ဟု ဒါကာသို့ မထွက်ခွာမီ ပဲရစ်တွင် ယူနွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

စစ်တပ်အကြီးအကဲ ၀ါကာ-အူဇ်-ဇာမန်က ၎င်းအနေဖြင့် ယူနွတ်ကို ထောက်ခံကြောင်းနှင့် ၎င်းအနေဖြင့် သြဂုတ် ၈ ရက် ညနေခင်းတွင် ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဟု မျှော်လင့်ကြောင်း ပြောကြားထားသည်။

“သူဟာ ကျွန်တော်တို့ကို နှစ်လိုဖွယ်ကောင်းတဲ့ ဒီမိုကရေစီဖြစ်စဉ်တစ်ခုကနေ ခေါ်ဆောင်သွားနိုင်မယ်လို့ မိမိယုံကြည်ပါတယ်” ဟု ၀ါကာက ပြောကြားသည်။        

လအနည်းငယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ဆန္ဒရှိကြောင်း ယူနွတ်က ပြောဆိုထားသည်။ လတ်တလောတွင် စစ်တပ်၏အခန်းကဏ္ဍ အပါအဝင် အစိုးရဖွဲ့မည့် အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။

သို့သော် ဘင်္ဂလားဒေ့ရှ် ပြည်သူများသည် အတိုက်အခံပါတီဟောင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)အား ထောက်ခံကြောင်း သြဂုတ် ၇ ရက်က ဒါကာမြို့တွင် လူထုစုဝေးပွဲ ပြုလုပ်ခဲ့သည်။

၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာသည် ၂၀၀၉ ခုနှစ်ကတည်းက အာဏာရယူခဲ့ခြင်း ဖြစ်သော်လည်း ဇန်နဝါရီလရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဟာဆီနာသည် ဆန္ဒပြသူများကို ဖြိုခွင်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ခဲ့ပြီး ဆူပူဆန္ဒပြမှုများအတွင်း အနည်းဆုံး ၄၅၅ ဦး သေဆုံးခဲ့သည်။

၎င်းရာထူးမှ နုတ်ထွက်ကာပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် သိန်းနှင့်ချီသည့် ပြည်သူများသည် ဒါကာမြို့လမ်းမများထက်တွင် မြူးထူးပျော်ရွှင်စွာဖြင့် အောင်ပွဲခံခဲ့ကြသည်။           

Ref: AFP
သြဂုတ် ၈ ရက်က ဒါကာမြို့ရှိ ဟက်ဇ်ရတ် ရှာဂျာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် မိုဟာမက် ယူနွတ်အား တွေ့ရစဉ်(Photo: AFP)

တော်လှန်ရေးတပ်များက မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကိုတိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့

 
ပြင်ဦးလွင်၊ ဩဂုတ် ၈ 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်များက မကြာမီ တိုက် ခိုက်မည်ဆိုသော သတင်းများကြောင့်  စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့်  စတင်ပြောင်းရွှေ့ နေကြကြောင်း ပြင်ဦးလွင်မြို့အခြေစိုက် တပ်သတင်းရင်းမြစ်
မှသိရသည်။
 
ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုများ၊ Non-CDM ဝန်ထမ်းများ၏ မိသား စုဝင်များက ပြင်ဦးလွင်မြို့မှ စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ပြင်ဦးလွင်တွင် ခံစစ်ပြင်ဆင်မှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာချိန်တွင် ထိုသို့ စစ်တပ်၊ရဲနှင့်ဝန်ထမ်းများ၏ မိသားစုဝင်များ အလုံးအရင်းဖြင့် ပြောင်း ရွှေ့နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ဩဂုတ်လ ၅ ရက်နေ့မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရမခတိုင်းက စစ်အရာရှိကြီးတွေ အဖမ်းခံထားရတယ်။ ရမခတိုင်းစစ်ဌာနချုပ်ကို အစွမ်းကုန် ခုခံကာကွယ်တယ်ဆိုတဲ့ သတင်းစကားထွက်ပြောတဲ့အချိန်မှာ ပြင်ဦးလွင်တပ်အသိုင်းအ၀ိုင်းမှာ အတော်ကို ဂယက် စရိုက်တာပဲ။ 

ပြင်ဦးလွင်ကို ဟိုနေ့ လာတိုက်တော့ မယ်၊ ဒီနေ့ လာတိုက်ခိုက်ခံရတော့မယ်ဆိုတဲ့သတင်းတွေကလည်း ပါးစပ် သတင်းတွေ ထွက်နေတယ်။ တပ်မိသားစုတွေကတော့ မနေ့က အတော်များများ ပြောင်းကုန်ကြပြီ။ 

ရန်ကုန်ပြောင်းကြ တာ များတယ်။  ပြင်ဦးလွင်မြို့မရဲ စခန်းမှာလည်း ရဲမိသားစုဝင်တွေကို ရဲတွေက ရှောင်ခိုင်းနေပြီ။ ဝန်ထမ်းမိသား စုတွေလည်း စုပေါင်းကားတွေငှားပြီး ပြင်ဦးလွင်က ပြန်ဆင်းကြတာများတယ်" ဟု ပြင်ဦးလွင်မြို့မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ 
 
ပြင်ဦးလွင် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)၊ စစ် အင်ဂျင်နီယာတပ်၊ တပ်မတော်ဆေးတပ်ရင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ထောက်ပို့တပ်များမှ စစ်အရာရှိမိသားစုဝင်များမှာ ကိုယ်ပိုင်ကားများ၊ စုပေါင်းငှားရမ်းထားသော ကားများဖြင့် ဩဂုတ်လ ၇ ရက်နေ့တွင် အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်ကမူ တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုဝင်များ၊ Non-CDM ဝန်ထမ်းများ၏ မိသားစုဝင်များ ပြောင်းရွှေ့မှုအပေါ် တစ်စုံတစ်ရာ တားဆီးမှုမရှိဘဲ တချို့တပ်ရင်းများတွင် တပ်မှူးနှင့် တပ်အကြီးအကဲများကိုယ်တိုင် မိသားစုဝင်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ပေးနေကြောင်း သိရှိရသည်။  

"ပြင်ဦးလွင်မှာရှိတဲ့ တပ်အကြီးပိုင်းမိသားစုတွေတော့ နေပြည်တော်ပြောင်းကြပြီ။ မနေ့ညနေက ရပ်ကွက်နေပြည်သူတွေမပြေးဖို့နဲ့ မီဒီယာတွေ့ သတင်းအမှားတွေမယုံဖို့လိုက်ပြောတယ်။ တပ်မိသားစုတွေက တကယ်ကိုတိတ်တဆိတ် ပြေးနေကြပြီ။  ဗိုလ်ကတော် ကျောင်းဆရာမတွေလည်း ကျောင်မလာကြတော့ဘူး။  နောက်ပြီး ပြင်ဦးလွင် မိုးကြိုးကွက်သစ် ဘုရားကုန်းမှာ စစ်တပ်က အင် အား အများပြားချနေရာယူထားကြတယ်။  အထပ်မြင့် အဆောက်အအုံတွေမှာလည်း စနိုက်ပါ တပ်သားတချို့ နေရာယူမယ်လို့ အိမ်ရှင်တွေကို လိုက်ပြောတာရှိတယ်" ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ 

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များက ပြင်ဦးလွင်မြို့အတွင်းသို့ မိုးကုတ်၊ နောင်ချိုတို့ဘက်မှ ဝင်ရောက်လာမှုများကို တားမြစ်ထားပြီး မြို့အဝင်တွင် စစ်ဆေးမှုများကို ပိုမိုး တင်းကျပ်ထားကြောင်း၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကိုလည်း လက်နက်တပ်ဆင်မှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုးတိုးမြှင့်လုပ်ဆောင်လာကြောင်း ပြင်ဦးလွင်အခြေစိုက် တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။ 

Tuesday, August 6, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို TNLA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ်ထိန်းချုပ်လိုက်ပြီး ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြို့ဖြစ်လာ


ကျောက်မဲ၊ ဩဂုတ် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို 
TNLA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ်
ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်
ထံမှသိရသည်။

စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တို့ကို TNLA ဦးဆောင်သော မဟာမိတ်တပ်များက ထိန်းချုပ်လိုက်ပြီး မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်ပြီဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ ၅ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ခမရ ၅၀၁ ၊ ခမရ ၅၀၂ တို့ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊  ယင်းနောက်ဆုံး လက်ကျန်စခန်း ၂ ခုကို ၁ လခွဲနီးပါး တိုက်ခိုက်ခဲ့ရကြောင်း  သိရှိရသည်။ 

"နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 

ဇွန်လ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး  ဇွန်လ ၂၆ ရက်နေ့ တွင် ကျောက်မဲ မြို့နယ်ရှိ အကြမ်း ဖက် စစ်တပ် ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ယင်းနောက်  နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို  ၁ လခွဲနီးပါး တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ကြောင်း၊ ယခုအခါ  ကျောက်မဲမြို့နယ်တစ်ခုလုံးသည် စစ်တပ်ကင်းစင် နယ်မြေ ဖြစ်လာကြောင်း သိရှိရသည်။

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် နောင်ချို၊ မိုးကုတ်၊ လားရှိုး ပြီးလျှင် ကျောက်မဲမြို့နယ်သည် ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြို့နယ်ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဝါခါအူဇမန်က ကြားဖြတ်အစိုးရ ဖွဲ့မည်၊ တာဝန်အပြည့်နဲ့ ပြည်သူတွေ စိတ်ပျက်လက်ပျက်မဖြစ်ဖို့ အာမခံတယ်လို့ ကတိပေး


ဒါကာ။ သြဂုတ် ၆

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ပြီး နိုင်ငံထဲကနေ စစ်ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားပြီးနောက်  ကြားဖြတ်အစိုးရ ဖွဲ့မယ်လို့  စစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာဟာ သြဂုတ် ၅ ရက် မွန်းလွဲပိုင်းမှာ ရာထူးကနေ နုတ်ထွက်ပြီး နိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့တာပါ။ 
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက် နှိမ်နင်းမှုတချို့အတွင်း လူရာချီ သေဆုံးအပြီးမှာ ဝန်ကြီးချုပ် ထွက်ပြေးခဲ့ရတာပါ။

ရှိတ်ခ်ဟာစီနာဟာ သူ့အစ်မနဲ့အတူ စစ်ရဟတ်ယာဉ်နဲ့ ထွက်ပြေးအပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ထရီပူရပြည်နယ်မြို့တော် အဂါတာလာမှာ ရဟတ်ယာဉ် ဆင်းသက်ခဲ့တယ်လို့ CNN News 18 ရုပ်သံလိုင်း သတင်းထုတ်လွှင့်ပါတယ်။ ရဟတ်ယာဉ် ဆင်းတဲ့နေရာကို ချက်ချင်း အတည်မပြုနိုင် သေးပါဘူး။ 

အစိုးရ အလုပ်အကိုင်ရဖို့ အငြင်းပွားစရာ ခွဲတမ်းစနစ်ကို ဖျက်သိမ်းပေးဖို့ ကျောင်းသားအဖွဲ့တွေက တောင်းဆိုခဲ့ပြီးတဲ့နောက် အရင်လကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ လုံး၀ လွှမ်းမိုးနေခဲ့ပါတယ်။

အတိုက်အခံတွေက သပိတ်မှောက်တဲ့ ဇန်နဝါရီ ရွေးကောက်ပွဲမှာ ၄ ကြိမ်မြောက် အနိုင်ရခဲ့တဲ့ ဟာဆီနာကို ဖြုတ်ချဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုတရပ်အဖြစ် အခြေအနေ တိုးတက်လာ ခဲ့ပါတယ်။

တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါခါအူဇမန်က ဟာစီနာ နုတ်ထွက်ပြီး ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းမယ်လို့ ရုပ်သံမိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။

သူဖိတ်ကြားထားတဲ့ အဓိကနိုင်ငံရေးပါတီကြီးတွေ အားလုံးရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မကြာမီ ရှေ့ဆက်ရမယ့်လမ်းအတွက် ဆွေးနွေးဖို့ သမ္မတ မိုဟမ်မဒ် ရှာဟာဘူဒင်နဲ့ တွေ့မယ်လို့ အူဇမန်က မီဒီယာတွေကို ပြောပါတယ်။

အသက် ၅၈ နှစ်အရွယ် အူဇမန်ဟာ ဇွန် ၂၃ ရက်ကမှ စစ်ဦးစီးချုပ် ဖြစ်လာခဲ့ပြီး  “တိုင်းပြည်က တော်လှန်တဲ့ကာလကို ဖြတ်သန်းနေတယ်”လို့ ပြောခဲ့ပါတယ်။

လူသတ်မှုနဲ့ မတရားမှုတွေအားလုံးကို တရားမျှတအောင် ဆောင်ကျဉ်းပေးမယ်။ တပ်မတော်ကို ယုံကြည်မှုရှိဖို့ တောင်းဆိုတယ်။

တာဝန်အပြည့်နဲ့ ပြည်သူတွေ စိတ်ပျက်လက်ပျက်မဖြစ်ဖို့ အာမခံတယ်လို့ သူက ကတိပေးခဲ့ပါတယ်။

“ခင်ဗျားတို့ အားလုံး စိတ်ရှည်ရှည်ထားပေးပါ။ ကျနော်တို့ကို အချိန်နည်းနည်းပေးပါ၊ ပြဿနာအားလုံးကို အတူတူဖြေရှင်းနိုင်မှာပါ။ အကြမ်းဖက်မှုလမ်းကြောင်းကို မပြန်ပါနဲ့၊ အကြမ်းမဖက်ဘဲငြိမ်းချမ်းတဲ့နည်းလမ်းတွေဆီ ပြန်သွားပါ"လို့  အူဇမန်က တောင်းဆိုခဲ့ပါတယ်။

Photo_Reuters

Monday, August 5, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျောင်းသားများ ဦးဆောင်သော လူထုဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိဟာဆီနာ ရာထူးနုတ်ထွက်ပြီး နိုင်ငံမှ ရဟတ်ယာဉ်ဖြင့် ထွက်ပြေး


ဒါကာ| ဩဂုတ် ၅ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျောင်းသားများ ဦးဆောင်သော လူထုဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိဟာဆီနာ ယနေ့ တနင်္လာနေ့မှာ ရာထူးမှနှုတ်ထွက်ပြီး နိုင်ငံအတွင်းမှ ရဟတ်ယာဉ်ဖြင့် ထွက်ပြေး
သွားကြောင်းသိရသည်။

ဆန္ဒပြမှုအရှိန်မြင့်နေတဲ့ ဩဂုတ်လ ၄ ရက်နေ့က ဝန်ကြီးချုပ် ရှိက်ဟာဆီနာ နှုတ်ထွက်ရေး ဆန္ဒပြပွဲတွင် အာဏာပိုင်များ 
အကြမ်းဖက်ဖြိုခွင်းခဲ့လို့ လူ ၉၀ ကျော် သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရသွားကြတာဖြစ်ပါတယ်။
ဆန္ဒပြမှု ရက်သတ္တပတ်အတွင်း လူပေါင်း ၃၀၀ နီးပါး သေဆုံးသွားပြီဟု Al Jazeera သတင်းက ဆိုပြီး ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ယနေ့ နိုင်ငံမှ ထွက်ခွာသွားပြီဟု အတည်ပြုဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina သည် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က အတည်ပြု ပြောကြားသည်။ 

Sheikh Hasina ၏ ထွက်ခွာမှုသည် နိုင်ငံတစ်ဝှမ်းတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က နိုင်ငံအား ထိန်းချုပ်ထားကာ ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ကျွန်တော် အခုတာဝန်ယူနေပါပြီ၊ ကြားဖြတ်အစိုးရ ဖွဲ့ဖို့ တောင်းဆိုမယ်။” ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့သည့် အသက် ၇၆ နှစ်အရွယ် ရှိက်ဟာဆီနာသည် သူမနေအိမ်ကို ဆန္ဒပြသူများ ဝင်စီးနင်းခံရပြီးနောက် မြို့တော်ဒါကာကနေ ထွက်ခွာသွားခြင်းဖြစ်သည်။ 

ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ရာထူးမှနှုတ်ထွက်ပြီး နိုင်ငံမှထွက်ခွာသွားခြင်းသတင်း ထွက်ပြီးနောက် လမ်းမပေါ်ရှိ ဆန္ဒပြသူများမှာ အောင်ပွဲခံခဲ့ကြသည်။ 

Hasina (ဟာဆီနာ) ၏ အစိုးရသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို သတ်ဖြတ်ခြင်း အပါအဝင် အာဏာကို ချုပ်ကိုင်ထားရန်၊ နိုင်ငံပိုင် အင်စတီကျူးရှင်းများကို အလွဲသုံးစားလုပ်ပြီး သဘောထားကွဲလွဲမှုများကို ချေမှုန်းခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့ကြသည်။

၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမှ စစ်ပြန် သားသမီး၊ မြေးများအား အစိုးရအလုပ်ခန့်အပ်ရာ၌ ဦးစားပေးခန့်အပ်ခြင်းနှင့် အချိုးမညီမျှစွာ ခွဲဝေပေး၍ ကျောင်းသားများဦးဆောင်က ဆန္ဒပြပွဲများကို စတင်ခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြပွဲများကို ဟာဆီနာ အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့၍ ဩဂုတ်လ ၄ ရက်နေ့က တစ်ရက်တည်း လူ ၉၁ သေဆုံးခဲ့သလို ရာနှင့်ချီဒဏ်ရာရခဲ့ပြီး ရက်သတ္တပတ်ဆန္ဒပြပွဲအတွင်း လူ ၃၀၀ နီးပါး သေဆုံးခဲ့ရသည်။

ကျောင်းသားများကနေ စတင်ခဲ့သော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုသည် နိုင်ငံအတွင်းမှ သရုပ်ဆောင်များ၊ ဂီတပညာရှင်များနှင့် အဆိုတော်များ အပါအဝင် လူ့အဖွဲ့အစည်းတရပ်မှ လူများကို ဆွဲဆောင်နိုင်ခဲ့ကြသည်။ 

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ Zaman က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုများအား ပစ်ခတ်မှု၊ အင်အားသုံးဖြိုခွင်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး သေဆုံးမှုနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကတိပြုခဲ့သည်။

သံလွင်မြစ်အတွင်း ခေါင်းဆေးကျွန်းအနီး လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသည့် လှေသမားတစ်ဦး၏ ရုပ်အလောင်းပြန်တွေ့


မော်လမြိုင်၊ ဩဂုတ် ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်မြစ်အတွင်းရှိ ခေါင်းဆေးကျွန်းအနီး လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသော လှေသမားတစ်ဦး၏ ရုပ်အလောင်းပြန်‌တွေ့ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂ ရက်နေ့ နေ့လည်အချိန်က သံလွင်မြစ်အတွင်းရှိ ခေါင်းဆေးကျွန်း လှေဆိပ်အနီး သောင်တင်‌နေသော ကျောက်စလစ်တင်လှေကို အနီးရှိ ကတို့စက်လှေမှ သွားရောက်ကယ်ဆယ်စဉ် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သွားရောက် ကယ်ဆယ်သည့် လှေသမား နှစ်ဦးမှာ ရေထဲပြုတ်ကျကာ မျောပါသွားခဲ့သည်။

ရေထဲပြုတ်ကျကာ မျောပါ ပျောက်ဆုံးနေသော လှေသမား နှစ်ဦးကို ဒေသခံကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေရာ ဩဂုတ် ၄ ရက်နေ့ နံနက်ပိုင်းတွင် အသက် ၅၀ အရွယ် လှေသမား၏ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်။

ပျောက်ဆုံးနေသည့် အသက် ၂၄ နှစ်အရွယ် လှေသမားကို ပြန်တွေ့ခြင်း မရှိသေးကြောင်း သိရသည်။

Sunday, August 4, 2024

ထိုင်းဖိုက်လိဂ် ပထမဆုံးပွဲမှာ ဘရော်နီကာဟာ ပြိုင်ဘက်အာဂျင်တီးနားသူ ဖလော်ရန်စီယာကို အနိုင်ရရှိ


ဘန်ကောက်။ သြဂုတ် ၄

ထိုင်းနိုင်ငံ၊ နခုံဆီသာမရက်မြို့မှာ ဒီနေ့ညနေပိုင်းတုန်းက ပြုလုပ်သွားတဲ့ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ပြိုင်ပွဲ ပထမဆုံးအဖွင့်ပွဲမှာ ကယန်းဖိုက်တာ ဘ‌ရော်နီကာက ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။

ထိုင်းရိုးရာ လက်ဝှေ့ပွဲ Thai Fight ရဲ့  54 KG တန်းမှာ ဘရော်နီကာဟာ အာဂျင်တီးနားသူ ဖလော်ရန်ဆီယာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ပထမအချီမှာ လက်သီးထိုးချက်ကြောင့် အာဂျင်တီးနားသူ အထိနာခဲ့ပေမဲ့ ဒုတိယအချီမှာတော့ သူတင် ကိုယ်တင်ဖြစ်ခဲ့ပါတယ်။ တတိယအချီအပြီးမှာတော့ ဒိုင်အဆုံးအဖြတ်နဲ့ ဘရော်နီကာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

Thai Fight နဲ့ စာချုပ်ပြည့်ဖို့နီးကပ်နေတဲ့ ဘရော်နီကာကတော့ အလဲထိုးအနိုင်ရဖို့ ဦးတည်ခဲ့တာကြောင့် တချို့အချိန်တွေမှာ အချိန်အဆလောကြီးနေသလိုဖြစ်ခဲ့ပေမယ့် ရဲရဲဝင် ရဲရဲထွက်ကစားခဲ့ပြီး ပြင်းထန်တိကျတဲ့လက်သီးချက်တွေ လက်ပြန်ရိုက်ချက်တွေနဲ့ ပြိုင်ဘက်ကိုအသာစီးရယူနိုင်ခဲ့ပါတယ်။ 

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၂ နှစ်ကုန်ကမှ ထိုင်း မွေထိုင်းလောကရဲ့ နာမည်ရ Thai Fight ကလပ်ကို ရောက်ရှိခဲ့ပြီး တစ်နှစ်ခွဲကျော်အတွင်းမှာပဲ ထိုင်းမွေထိုင်းလောကမှာပါ ထင်ရှားလာသလို ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA က မျက်စိကျနေတဲ့ ကစာသမားတဦးလည်းဖြစ်ပါတယ်။ 

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို မွေထိုင်းပွဲ အများစုမှာ အနိုင်ရယူထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။

Photo - Thai Fight Live.