Pages

Thursday, August 8, 2024

တော်လှန်ရေးတပ်များက မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကိုတိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့

 
ပြင်ဦးလွင်၊ ဩဂုတ် ၈ 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်များက မကြာမီ တိုက် ခိုက်မည်ဆိုသော သတင်းများကြောင့်  စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့်  စတင်ပြောင်းရွှေ့ နေကြကြောင်း ပြင်ဦးလွင်မြို့အခြေစိုက် တပ်သတင်းရင်းမြစ်
မှသိရသည်။
 
ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုများ၊ Non-CDM ဝန်ထမ်းများ၏ မိသား စုဝင်များက ပြင်ဦးလွင်မြို့မှ စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ပြင်ဦးလွင်တွင် ခံစစ်ပြင်ဆင်မှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာချိန်တွင် ထိုသို့ စစ်တပ်၊ရဲနှင့်ဝန်ထမ်းများ၏ မိသားစုဝင်များ အလုံးအရင်းဖြင့် ပြောင်း ရွှေ့နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ဩဂုတ်လ ၅ ရက်နေ့မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရမခတိုင်းက စစ်အရာရှိကြီးတွေ အဖမ်းခံထားရတယ်။ ရမခတိုင်းစစ်ဌာနချုပ်ကို အစွမ်းကုန် ခုခံကာကွယ်တယ်ဆိုတဲ့ သတင်းစကားထွက်ပြောတဲ့အချိန်မှာ ပြင်ဦးလွင်တပ်အသိုင်းအ၀ိုင်းမှာ အတော်ကို ဂယက် စရိုက်တာပဲ။ 

ပြင်ဦးလွင်ကို ဟိုနေ့ လာတိုက်တော့ မယ်၊ ဒီနေ့ လာတိုက်ခိုက်ခံရတော့မယ်ဆိုတဲ့သတင်းတွေကလည်း ပါးစပ် သတင်းတွေ ထွက်နေတယ်။ တပ်မိသားစုတွေကတော့ မနေ့က အတော်များများ ပြောင်းကုန်ကြပြီ။ 

ရန်ကုန်ပြောင်းကြ တာ များတယ်။  ပြင်ဦးလွင်မြို့မရဲ စခန်းမှာလည်း ရဲမိသားစုဝင်တွေကို ရဲတွေက ရှောင်ခိုင်းနေပြီ။ ဝန်ထမ်းမိသား စုတွေလည်း စုပေါင်းကားတွေငှားပြီး ပြင်ဦးလွင်က ပြန်ဆင်းကြတာများတယ်" ဟု ပြင်ဦးလွင်မြို့မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ 
 
ပြင်ဦးလွင် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)၊ စစ် အင်ဂျင်နီယာတပ်၊ တပ်မတော်ဆေးတပ်ရင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ထောက်ပို့တပ်များမှ စစ်အရာရှိမိသားစုဝင်များမှာ ကိုယ်ပိုင်ကားများ၊ စုပေါင်းငှားရမ်းထားသော ကားများဖြင့် ဩဂုတ်လ ၇ ရက်နေ့တွင် အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်ကမူ တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုဝင်များ၊ Non-CDM ဝန်ထမ်းများ၏ မိသားစုဝင်များ ပြောင်းရွှေ့မှုအပေါ် တစ်စုံတစ်ရာ တားဆီးမှုမရှိဘဲ တချို့တပ်ရင်းများတွင် တပ်မှူးနှင့် တပ်အကြီးအကဲများကိုယ်တိုင် မိသားစုဝင်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ပေးနေကြောင်း သိရှိရသည်။  

"ပြင်ဦးလွင်မှာရှိတဲ့ တပ်အကြီးပိုင်းမိသားစုတွေတော့ နေပြည်တော်ပြောင်းကြပြီ။ မနေ့ညနေက ရပ်ကွက်နေပြည်သူတွေမပြေးဖို့နဲ့ မီဒီယာတွေ့ သတင်းအမှားတွေမယုံဖို့လိုက်ပြောတယ်။ တပ်မိသားစုတွေက တကယ်ကိုတိတ်တဆိတ် ပြေးနေကြပြီ။  ဗိုလ်ကတော် ကျောင်းဆရာမတွေလည်း ကျောင်မလာကြတော့ဘူး။  နောက်ပြီး ပြင်ဦးလွင် မိုးကြိုးကွက်သစ် ဘုရားကုန်းမှာ စစ်တပ်က အင် အား အများပြားချနေရာယူထားကြတယ်။  အထပ်မြင့် အဆောက်အအုံတွေမှာလည်း စနိုက်ပါ တပ်သားတချို့ နေရာယူမယ်လို့ အိမ်ရှင်တွေကို လိုက်ပြောတာရှိတယ်" ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ 

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များက ပြင်ဦးလွင်မြို့အတွင်းသို့ မိုးကုတ်၊ နောင်ချိုတို့ဘက်မှ ဝင်ရောက်လာမှုများကို တားမြစ်ထားပြီး မြို့အဝင်တွင် စစ်ဆေးမှုများကို ပိုမိုး တင်းကျပ်ထားကြောင်း၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကိုလည်း လက်နက်တပ်ဆင်မှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုးတိုးမြှင့်လုပ်ဆောင်လာကြောင်း ပြင်ဦးလွင်အခြေစိုက် တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။ 

0 comments:

Post a Comment