Pages

Tuesday, August 6, 2024

ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဝါခါအူဇမန်က ကြားဖြတ်အစိုးရ ဖွဲ့မည်၊ တာဝန်အပြည့်နဲ့ ပြည်သူတွေ စိတ်ပျက်လက်ပျက်မဖြစ်ဖို့ အာမခံတယ်လို့ ကတိပေး


ဒါကာ။ သြဂုတ် ၆

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ပြီး နိုင်ငံထဲကနေ စစ်ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားပြီးနောက်  ကြားဖြတ်အစိုးရ ဖွဲ့မယ်လို့  စစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာဟာ သြဂုတ် ၅ ရက် မွန်းလွဲပိုင်းမှာ ရာထူးကနေ နုတ်ထွက်ပြီး နိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့တာပါ။ 
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက် နှိမ်နင်းမှုတချို့အတွင်း လူရာချီ သေဆုံးအပြီးမှာ ဝန်ကြီးချုပ် ထွက်ပြေးခဲ့ရတာပါ။

ရှိတ်ခ်ဟာစီနာဟာ သူ့အစ်မနဲ့အတူ စစ်ရဟတ်ယာဉ်နဲ့ ထွက်ပြေးအပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ထရီပူရပြည်နယ်မြို့တော် အဂါတာလာမှာ ရဟတ်ယာဉ် ဆင်းသက်ခဲ့တယ်လို့ CNN News 18 ရုပ်သံလိုင်း သတင်းထုတ်လွှင့်ပါတယ်။ ရဟတ်ယာဉ် ဆင်းတဲ့နေရာကို ချက်ချင်း အတည်မပြုနိုင် သေးပါဘူး။ 

အစိုးရ အလုပ်အကိုင်ရဖို့ အငြင်းပွားစရာ ခွဲတမ်းစနစ်ကို ဖျက်သိမ်းပေးဖို့ ကျောင်းသားအဖွဲ့တွေက တောင်းဆိုခဲ့ပြီးတဲ့နောက် အရင်လကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ လုံး၀ လွှမ်းမိုးနေခဲ့ပါတယ်။

အတိုက်အခံတွေက သပိတ်မှောက်တဲ့ ဇန်နဝါရီ ရွေးကောက်ပွဲမှာ ၄ ကြိမ်မြောက် အနိုင်ရခဲ့တဲ့ ဟာဆီနာကို ဖြုတ်ချဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုတရပ်အဖြစ် အခြေအနေ တိုးတက်လာ ခဲ့ပါတယ်။

တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါခါအူဇမန်က ဟာစီနာ နုတ်ထွက်ပြီး ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းမယ်လို့ ရုပ်သံမိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။

သူဖိတ်ကြားထားတဲ့ အဓိကနိုင်ငံရေးပါတီကြီးတွေ အားလုံးရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မကြာမီ ရှေ့ဆက်ရမယ့်လမ်းအတွက် ဆွေးနွေးဖို့ သမ္မတ မိုဟမ်မဒ် ရှာဟာဘူဒင်နဲ့ တွေ့မယ်လို့ အူဇမန်က မီဒီယာတွေကို ပြောပါတယ်။

အသက် ၅၈ နှစ်အရွယ် အူဇမန်ဟာ ဇွန် ၂၃ ရက်ကမှ စစ်ဦးစီးချုပ် ဖြစ်လာခဲ့ပြီး  “တိုင်းပြည်က တော်လှန်တဲ့ကာလကို ဖြတ်သန်းနေတယ်”လို့ ပြောခဲ့ပါတယ်။

လူသတ်မှုနဲ့ မတရားမှုတွေအားလုံးကို တရားမျှတအောင် ဆောင်ကျဉ်းပေးမယ်။ တပ်မတော်ကို ယုံကြည်မှုရှိဖို့ တောင်းဆိုတယ်။

တာဝန်အပြည့်နဲ့ ပြည်သူတွေ စိတ်ပျက်လက်ပျက်မဖြစ်ဖို့ အာမခံတယ်လို့ သူက ကတိပေးခဲ့ပါတယ်။

“ခင်ဗျားတို့ အားလုံး စိတ်ရှည်ရှည်ထားပေးပါ။ ကျနော်တို့ကို အချိန်နည်းနည်းပေးပါ၊ ပြဿနာအားလုံးကို အတူတူဖြေရှင်းနိုင်မှာပါ။ အကြမ်းဖက်မှုလမ်းကြောင်းကို မပြန်ပါနဲ့၊ အကြမ်းမဖက်ဘဲငြိမ်းချမ်းတဲ့နည်းလမ်းတွေဆီ ပြန်သွားပါ"လို့  အူဇမန်က တောင်းဆိုခဲ့ပါတယ်။

Photo_Reuters

0 comments:

Post a Comment