Pages

Monday, June 27, 2016

မြန်အောင်တရားရုံးကို မ.ဘ.သ နောက်လိုက်များ လူစုဖြင့်ဖိအားပေးသဖြင့်တရားခွင်ရက်ရွှေ့


Monday. June 27. 2016
ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ပုဆိုးလှန်ပြသည်ဟူသောစွဲချက်ဖြင့် တရားရင်ဆိုင်နေရသူ မော်လ၀ီစလင်းအမှုအား ဖိအားပေးရန်မ.ဘ.သထောက်ခံသူဘုန်းကြီးနှင့်နောက်လိုက် အင်အား နှစ်ရာကျော်က မြန်အောင်မြို့တရားရုံးတရားရုံးရှေ့တွင် စုရုံးခဲ့သဖြင့်လုံခြုံရေးအရ အမှုစစ်ဆေးမည့်နေ့ကို ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။
.
“ယနေ့ မြန်မာမိန်းကလေးအား စော်ကားသည့် ဗလီဆရာ မော်လဝီဆလင်းရုံးချိန်းအား အမှန်တရားလိုလာကြသော မျိုးချစ်ပြည်သူအားလုံး ဝန်းရံနိုင်ပါသည်။
ကျေးရွာ ဒေသအသီးသီးမှ တက်ရောက်လာမည့်အင်အား များပြားစွာရှိပါသည်”ဟု ဇွန်လ ၂၆ ရက်နေ့ညပိုင်းတွင် မြန်အောင်မြို့ခံ မ.ဘ.သ လိုလားသူ ကျော်ဖုန်းမြင့် ဆိုသူက သူ၏ ဖဘစာမျက်နှာတွင် လှုံ့ဆော်ခဲ့သည်။
“ဒဏ်ငွေတစ်သောင်းလောက်ချရမယ့်ဟာမျိုးကို သူတို့က ထောင်ဆယ်နှစ်လောက်ချစေချင်နေတာ။ ဒီနေ့က အမှုစစ်ရင်လည်းပြဿနာတက်မှာ။ မြန်အောင်ဘုန်းကြီးကားက ၃ စီးလောက်ရှိတယ်။ အင်ပင်ဘုန်းကြီးကားကတော့ ၁စီးလောက်ပဲရှိတယ်”ဟု ဒေသခံမွတ်စလင်မ်တစ်ဦးကပြောသည်။



ဧရာဝတီတို်င်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်မြို့ရှိ ဗလီဆရာ ဦးစလင်းကို မြန်မာအမျိုးသမီးတစ်ဦးအား မဖွယ်မရာပုဆိုးလှန်ပြသည်ဟူသောစွဲချက်ဖြင့် ဇွန်လ ၁၇ ရက်နေ့က မြန်အောင်တရားရုံးတွင် ပုဒ်မ ၂၉၄နှင့် ၅၀၉ တို့ဖြင့် မ.ဘ.သ အင်အားစုများက တရားစွဲဆိုထားခြင်းဖြစ်သည်။
“ပုဆိုးစတမမနေတတ်တာ သူ့ဝသီပဲ ဒီကလူတွေအားလုံးသိတယ်။ဒါကိုကြံဖန်လုပ်ကြံတဲ့သဘောပါ”ဟု စွပ်ဆွဲခံရသူနှင့်နီးစပ်သူတစ်ဦးက Myanmar Muslim Media သို့ပြောသည်။
လုံခြုံရေးအရရွှေ့ဆိုင်းခဲ့ရသည့် အထက်ပါအမှုကို ဇူလိုင်လ ၄ ရက်နေ့သို့ပြန်လည်ချိန်းဆိုထားကြောင်းသိရပြီး အဆိုပါနေ့တွင် ယနေ့ထက်အင်အား နှစ်ဆတိုးကာတရားရုံးရှေ့ချီတက်မည်ဟုလည်း ဒေသခံ မ.ဘ.သ နောက်လိုက် အုပ်စုများက ကြေညာထားသည်။
ဟိန်းအောင်
Myanmar Muslim Media





0 comments:

Post a Comment