Pages

Monday, April 25, 2016

မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း


RangonNewsDaily::April . 25 .2016
၁။ ယခုလတ်တလောကာလများတွင် မြန်မာနိုင်ငံတ၀န်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရှင်များက ထုတ်ပြန်ထားပါသည်။

၂။ ယခုရက်ပိုင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်း ၊ လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကြောင့် လူ၊ တိရိစ္ဆာန်များသေကြေ ပျက်စီးခြင်း၊ အဆောက်အဦများ ပျက်စီးခြင်း တို့ကြုံတွေ့နေရပါသည်။
.
၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် ယခုလတ်တလောဖြစ်ပေါ် လျက် ရှိသော မိုးသီး ကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ အောက်ပါ အချက်များကို အထူးသတိပြု လိုက်နာ နေထိုင်ကြရန်လိုအပ်ပါသည်-
- တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီး အတော်ကြာမှ လျှပ်ပြက် လာခြင်း၊ အပူထုထဲတွင်လေအေးများကို ခံစားရခြင်း များသည် မိုးသီးမုန်တိုင်း၏ လက္ခဏာ များဖြစ်ပါသဖြင့် ထိုကဲ့သို့ဖြစ်ပေါ် လာပါက အထူးသတိပြုနေထိုင်ပါ။

.
- ကျေးလက်တောရွာများတွင် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ပါ။
- မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အ၀တ်ထူများဝတ်ဆင်သွားပါ။ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားပါ။
- အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေပါ။
- အိမ်အမိုးများကို ခိုင်ခံအောင်ပြန်လည်ပြင်ဆင်ပါ။

.
- အိမ်မွေးတိရစ္ဆာန်နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဉ်ပါ။ မိုးသီးကြီးများသည် တိရိစ္ဆာန်များ ကိုအသက်အန္တရာယ်အထိဖြစ်စေနိုင်ပြီး တကယ်ရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင် သဖြင့်ကြိုတင်စီစဉ်ပါ။
- ယာဉ်များ၊ ပစ္စည်းများအပြင်တွင်မထားပါနှင့်။ ကားများကိုဂိုဒေါင်ထဲထည့်ပါ။ အမိုးသာ ရှိပြီးအကာမရှိသည့်အောက်တွင် ဘေးမှထိနိုင်သဖြင့်စောင်ကာပါ။ လမ်းများပေါ်တွင် ထားရပါက စောင်အုပ်ပါ။

.
- ပြတင်းတံခါးများအသေအချာပိတ်ထားပါ။ မပိတ်မိ၍ မိုးသီးများ အရှိန်ဖြင့် ၀င်လာပါက အိမ်တွင်းပစ္စည်းများပါပျက်စီးနိုင်မည်။ လိုက်ကာများ ပါပိတ်ထား ပါ။ ပြတင်းမှန်ကွဲခဲ့ပါက လိုက်ကာခံနေမည်။ ပြတင်းပေါက်နားရှိပရိဘောဂများ ကိုလည်းကြိုတင်ရွှေ့ထားပါ။
- မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် ဖုန်းများကို အသုံးမပြုသင့်ပါ။
- တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့် လျှပ်စစ်နှင့် ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထား သင့်ပါသည်။

.
- သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ။ လျှပ်စစ် စီးကူးလွယ်သည့် ပစ္စည်းများနှင့်ဝေးရာတွင် နေထိုင် သင့် ပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် မိုးသီးကြွေကျ ခြင်းများ၊ မိုးကြိုး ပစ်ခြင်း များနှင့်ပတ်သက်၍ သတိပြုလိုက်နာနေထိုင်ကြပါရန် အထူး မေတ္တာရပ်ခံ အသိပေးနှိုးဆော်အပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
REF: Relief and Resettlement Department - Myanmar







0 comments:

Post a Comment