Pages

Monday, April 25, 2016

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက် (ဟောက်သံကြောင့် ဖောက်ပြန်လာမယ့် ကျန်းမာရေးကို ကာကွယ်ပါ)


RangonNewsDaily::April . 25 .2016
အိပ်ပျော်နေစဉ် ဟောက်ခြင်းဟာ အအိပ်ဆတ်တဲ့ ဘေးလူတွေ အတွက် အနှောင့်အယှက် ဖြစ်စေသလို ကာယကံရှင် အတွက်လည်း သူများ ပြန်ပြောရင် ရှက်ကိုးရှက်ကန်း ဖြစ်စရာ တစ်ခုဖြစ်ပါတယ်။ ဒါတွေထက် အရေးကြီးတဲ့ ကိစ္စက ဟောက်ခြင်းဟာ အဖြစ်များတဲ့ အိပ်စက်မှု ဆိုင်ရာ ချို့ယွင်းချက်တစ်ရပ် (A Common Sleep Disorder) ဖြစ်နေလို့ ပါပဲ။ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်တတ်ပြီး အမျိုးသားတွေ၊ အ၀လွန်သူတွေ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။ 
စစ်တမ်းတွေ အရ အမျိုးသမီး ဆယ်ဦးမှာ တစ်ဦး၊ အမျိုးသား လေးဦးမှာ တစ်ဦးဟာ ဟောက်တတ်ပြီး အဲဒီအကျင့်ဟာ အသက်အရွယ် ရလာတာနဲ့ အချိုးကျကျ ပိုဆိုးလာတတ်တာ တွေ့ရပါတယ်။ သုတေသနများအရ အရွယ်ရောက်ပြီးသူ ဆယ်ဦးမှာ လေးဦးဟာ မကြာခဏ ဟောက်တတ်သူတွေ ဖြစ်ပြီး အဲဒီ လေးဦးထဲက တစ်ဦးဟာ ပုံမှန် ဟောက်သူဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 
.
တစ်ခါတစ်လေမှ ဟောက်တတ်သူတွေဟာ ပြဿနာ သိပ်မရှိပေမယ့် အိပ်ပျော်တိုင်း ပုံမှန်ဟောက်သူ တစ်ယောက်ကျတော့ ဘေးလူနဲ့ မိမိကိုယ်တိုင်ရဲ့ အိပ်စက်မှု ပုံစံကျမှုကို နှောင့်ယှက်ထိခိုက်စေကြောင်း၊ နိုးလာရင် အိပ်ရေးမ၀သလို ပင်ပန်းနွမ်းနယ်နေပြီး ကောင်းကောင်း မနားရသေးသလို ခံစားရတတ်ပြီး ဆရာဝန်နဲ့ ပြဖို့ လိုအပ်လာပြီလို့ ဆိုနိုင်ပါတယ်။ 

**ဟောက်ရခြင်းရဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ** 
==============================
ပါးစပ်နဲ့ နှာခေါင်းပေါက်ကို ဖြတ်သန်းတဲ့ ၀င်လေထွက်လေ လမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဟောက်ရတာ ဖြစ်ပါတယ်။ လည်မျိုရဲ့ အတွင်းနံရံက ကြွက်သားတွေ အသက်ရှူစဉ်မှာ တုန်ခါတဲ့ အတွက် ခူးခူးခေါခေါ ဆိုတဲ့ ဟောက်သံ ထင်ရှားပေါ်လာတာ ဖြစ်ပါတယ်။ ဟောက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေကတော့ ………… 
.
(၁) နှာခေါင်းပေါက် လေလမ်းကြောင်း တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ခြင်း 
ဒီလို လေလမ်းကြောင်း ပိတ်ဆို့နေတဲ့ အတွက် အသက်ရှူသွင်း ရှူထုတ်လုပ်ရာမှာ ပုံမှန်ထက် ပိုပြီး အားပိုစိုက်ရပါတယ်။ ဒီအားစိုက်မှုဟာ လည်မျိုရဲ့ ပျော့တွဲပြီး မာကျောမှု မရှိတဲ့ တစ်သျှူးတွေကို ဆွဲစုပ်ယူသလိုဖြစ်စေပြီး တိုးဝင်တဲ့ လေစီးကြောင်းနဲ့ ပူးပေါင်းကာ ဟောက်သံကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ တစ်ချို့လူတွေကျတော့ ဦးခေါင်းခွံရိုးအတွင်း လေ၀င်ချိုင့်ပေါက်များ ရောင်ယမ်းခြင်း (Sinusitis) ဖြစ်လို့ နှာစေးခြင်း ခံစားရတဲ့ အချိန်မှာပဲ ဟောက်တတ်ပါတယ်။ မွေးရာပါ (သို့) ထိခိုက်ဒဏ်ရာ ရထားလို့ နှာခေါင်းရိုး ပုံပျက်နေသူတွေ၊ ကင်ဆာမဟုတ်တဲ့ နှာခေါင်းတွင်း အသားပို ထွက်နေသူတွေဟာလည်း အသက်ရှူလမ်းကြောင်း ကျဉ်းသလို ဖြစ်သွားလို့ အိပ်ရင် ဟောက်နိုင်ကြပါတယ်။ 
.
(၂) လည်မျိုနှင့် လျှာကြွက်သားများ ပုံမှန်တင်းအား မရှိကြခြင်း 
အရမ်းနှစ်ခြိုက်စွာ အိပ်ပျော်သွားရင် လည်မျိုနဲ့ လျှာအောက်က ကြွက်သားတွေ အရမ်းပျော့ပျောင်း သွားတတ်ပြီး လေ၀င်ပေါက်ကို ပိတ်မိသွားစေတတ်လို့ ဟောက်တတ်ပါတယ်။ ဒါမျိုးကျတော့ တစ်နေ့လုံး အရမ်းပင်ပန်းထားပြီး အိပ်ပျော်တဲ့ အခါမျိုး၊ အရက်သောက်ထားပြီး အိပ်တဲ့ အခါမျိုး၊ အိပ်ဆေး (သို့) မူးယစ်ဆေး တစ်ခုခု သောက်အိပ်တဲ့ အခါမျိုးမှာ ဖြစ်တတ်ကြတာ တွေ့ရပါတယ်။ အသက်ကြီးသူတွေဟာ ငယ်ရွယ်သူတွေထက် ပိုဖြစ်ကြပြီး အသက်အရွယ် ရလာလေလေ ပိုဟောက်တတ်လာလေလေ ဖြစ်ပါတယ်။
.
(၃) လည်မျို ကြွက်သားများ အဆမတန် ကြီးမားနေခြင်း 
အ၀လွန်သူတွေမှာ ဖြစ်တတ်တဲ့ ပြဿနာ တစ်ခုပါပဲ။ ငယ်စဉ်က ပုံမှန် ဟောက်တတ်သူ မဟုတ်ခဲ့ရင်တောင် ၀လာတာနဲ့အမျှ ပိုဟောက်တတ်လာတာ တွေ့ရပါတယ်။ အကယ်၍ ကလေးတစ်ယောက်ဟာ ပုံမှန် ဟောက်တတ်တယ် ဆိုရင် (သို့) ရက်ဆက် ဟောက်တတ်လာပြီဆိုရင် သတိပြုစရာပါပဲ။ ဒါဟာ ပသိရောင် ရောဂါ၊ ပြန်ရည်ကြော အကျိတ်ရောင်ရောဂါတွေ ဖြစ်နေနိုင်လို့ အာခေါင်ကို အလင်းရောင် ကောင်းကောင်းအောက်မှာ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပုံမှန်မဟုတ်ဘူး ထင်ရင် ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။ 
.
(၄)အာခေါင်ပျော့ ရှည်လွန်းခြင်း 
ဟောက်တတ်ခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခု ဖြစ်တာ တွေ့ရလေ့ရှိပါတယ်။ ကျွန်တော်တို့ ပါးစပ်ထဲမှာ လျှာနဲ့ အပေါ်ကို ထိုးကြည့်ရင် ရှေ့သွားတွေရဲ့ နောက်ဖက် အရေပြားဖုံးထားတဲ့ နေရာဟာ အာခေါင်မာ (Hard Palate) ဖြစ်ပြီး သူနဲ့တစ်ဆက်တည်း နောက်ဖက် အသားဖြစ်ပြီး ပျော့တဲ့ အပိုင်းက အာခေါင်ပျော့ (Soft Palate) ဖြစ်ပါတယ်။ အာခေါင်ပျော့ ပုံမှန်ထက် မွေးရာပါ ရှည်နေတဲ့ သူတွေမှာ အိပ်ပျော်သွားရင် အဲဒီ အာခေါင်ပျော့က လေ၀င်လေထွက်ကို ပိတ်လို့ ဟောက်စေပါတယ်။ ဒီကိစ္စဟာ ပက်လက်အိပ်ရင် ပိုသိသာပြီး ဘေးတစ်စောင်းအိပ်ရင်တော့ အတော်လေး သက်သာတာ တွေ့ရပါတယ်။ 
.
**ဟောက်ခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲ** 
(က) ပုံမှန်ဟောက်တတ်သူ တစ်ယောက်ဟာ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိလာမှာ သေချာပါတယ်။ အိပ်ပျော်နေစဉ် လေ၀င်ပေါက်ပိတ်၍ အသက်ရှူရပ်သွားခြင်း (Obstructive Sleep Apnea) (စက္ကန့်ပိုင်းသာ ရပ်သွားခြင်း ဖြစ်သည်) ရတတ်ပါတယ်။ ဒါမျိုးက ခဏခဏ ဖြစ်နေရင် ဦးနှောက်နဲ့ နှလုံးအတွက် လုံးဝ မကောင်းပါဘူး။ 
.
ဟောက်တာ အရမ်းဆိုးပြီး ကြာနေပြီ ဖြစ်တဲ့ သူတွေဟာ တစ်ခါ အသက်ရှူ ရပ်ရင် ၁၀ စက္ကန့်အထက် ရပ်တတ်ပြီး တစ်ညအိပ်ပျော်နေစဉ်မှာ အကြိမ်တစ်ရာကျော်အထိ ခံစားရနိုင်ပါတယ်။ ဒါမျိုးက ခဏခဏ ဖြစ်နေရင် ဦးနှောက်နဲ့ နှလုံးအတွက် လုံးဝ မကောင်းပါဘူး။ ခန္ဓာကိုယ်မှာ သွေးတွင်း အောက်စီဂျင် ပြတ်လပ်မှု ဖြစ်စေလို့ ဦးနှောက်မှတ်ဥာဏ်တွေ၊ စွမ်းဆောင်ရည်တွေ ကျဆင်းစေသလို နှလုံးရဲ့ သက်တမ်းကိုလည်း တိုစေတာ တွေ့ရပါတယ်။ 
.
(ခ) ဟောက်တတ်သူတွေရဲ့ ဦးနှောက်ဟာ နာရီဝက်တစ်ကြိမ်လောက် တစ်ခါ ပြန်ပြန်နိုးတတ်ပါတယ်။ တစ်ခါနိုးရင် စက္ကန့်ပိုင်းလောက်ပဲ ကြာပြီး ရှင်းရှင်းပြောရရင် လူတစ်ကိုယ်လုံး အပြည့် ပြန်နိုးတာ မဟုတ်တဲ့ အတွက် အိပ်နေသူကတော့ အဲလို ပြန်ပြန်နိုးနေပါလား ဆိုတာ မသိရပါဘူး။ ဒါပေမဲ့ ဦးနှောက်က အပြည့်မနားရလို့ နောက်နေ့ အိပ်ရာနိုးရင် အိပ်ရေးမ၀သလို ခံစားရတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ နိုးလာတိုင်း အိပ်ရေးပျက်သလို ခံစားရတတ်တယ် ဆိုရင် ငါဟောက်တတ်နေပြီလား ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ 
.
(ဂ) ဟောက်တတ်ရင် နောက်ထပ် အိပ်ရေးမ၀စေတဲ့ အချက်တစ်ချက်ကလည်း ရှိပါသေးတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အိပ်ပျော်နေစဉ် လေ၀င်ပေါက်ပိတ်၍ အသက်ရှူရပ်သွားခြင်း (Obstructive Sleep Apnea) ဖြစ်တတ်သူတွေဟာ ခန္ဓာကိုယ်က လေ၀င်ပေါက် ပိတ်တဲ့ ဖြစ်ရပ်ကို တွန်းလှန်ကာကွယ်ဖို့ လည်မျိုအတွင်းနံရံက ကြွက်သားတွေကို အတန်ငယ် တောင့်တင်းနေအောင် ဦးနှောက်အစိတ်အပိုင်း အချို့က မအိပ်ဘဲ ထိန်းထားပါရပါတယ်။ ဥပမာ ပေးရရင် ကားရပ်ထားတုန်း ကားထဲမှာ အဲကွန်းဆက်ဖွင့်ထားချင်ရင် စက်နှိုးထားရသလို မျိုးပေါ့။ ဒီအခါမှာ ဦးနှောက်ဟာ အပြည့်အ၀ အနားမရသလို ဖြစ်ပြီး အိပ်ရေးမ၀လို့ ကိုယ်စွမ်းဥာဏ်စွမ်း ကျဆင်းမှုတွေ ခံစားရတတ်ပါတယ်။ 
.
(ဃ) ဟောက်တတ်ရင် သွေးတိုးရောဂါ ၀င်လာနိုင်ပါတယ်။ ဟောက်တတ်သူတွေဟာ အသက်ရှူ မမှန်ကြလို့ သွေးတွင်းအောက်စီဂျင် ပမာဏဟာ အိပ်ပျော်နေစဉ် အတွင်း ခဏခဏ ကျတတ်ပြီး ဒါကို လိုက်ထိန်းပြီး ခန္ဓာကိုယ် အစွန်အဖျားတွေအထိ အောက်စီဂျင်ပါတဲ့ သွေးတွေ ရောက်အောင် နှလုံးက ဖိအားပုံမှန်ထက် တိုးပြီး ညှစ်ပို့ပေးရပါတယ်။ ဒါကြောင့် ဟောက်တတ်ခြင်းဟာ သွေးတိုးရောဂါ ဖြစ်စေဖို့ တိုက်ရိုက် အားပေးတယ်ဆိုတဲ့ အချက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တွေ့ရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ရှည်လများ ဟောက်တဲ့ အလေ့အကျင့် မပျောက်ရင် နှလုံးက အလုပ်ပိုတွေ လုပ်ရလွန်းလို့ နှလုံးကြီးလာခြင်း (Cardiomegaly) ဖြစ်လာနိုင်ပြီး လူ့သက်တမ်း တိုသွားတတ်ပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါနဲ့ လေဖြတ်လေငန်းရောဂါတွေ ဖြစ်ဖို့လည်း အားပေးတယ်လို့ လေ့လာတွေ့ရှိ ထားပါတယ်။ 
.
(င) နောက်ထပ် ဆိုးကျိုးတစ်ခုက အတော်လေး ကြောက်စရာ ကောင်းပါတယ်။ ဟောက်ရင် အောက်စီဂျင် ပြတ်တတ်တယ် ဆိုတဲ့ ကိစ္စတစ်ခုတည်းရဲ့ အကျိုးဆက်များ ထဲက တစ်ခုပါပဲ။ သွေးတွင်းအောက်စီဂျင် ပြည့်ဝမှု ကျဆင်းသွားခြင်းဟာ အရေးပေါ် ဖိစီးမှုတစ်ရပ်အဖြစ် ခန္ဓာကိုယ်ရဲ့ ပုံမှန်ထိန်းညှိရေး ယန္တရား (Homeostatic Mechanism) ကို သွားရောက် သံချောင်းခေါက်ပါတယ်။ ဒီတော့ ဖိစီးမှု ဖြေရှင်းကွပ်ကဲရေး ဟော်မုန်း အက်ဒရီနယ်လင် (Adrenaline) က အလန့်တကြား ထွက်လာပြီး သွေးတွင်း သကြားဓာတ်ကို မြှင့်တင်ပေးလိုက်ပါတယ်။ 
.
လိုအပ်လို့ ကြားဖြတ်ရှင်းပြရရင် ဒီဟော်မုန်းဟာ အန္တရာယ် အကြပ်အတည်းတစ်ခုခု (ဥပမာ ခွေးလိုက်ကိုက်တာ၊ ရန်ဖြစ်တာ စသဖြင့်ပေါ့) ကြုံတာနဲ့ ကိုယ်ထဲမှာ ထွက်ပါတယ်။ သူရဲ့ အာနိသင်က Fight or Flight Reaction ပါ။ ဒီလို အခြေအနေမျိုးမှာ လူတိုင်းဟာ ပြန်ချမလား / ထွက်ပြေးမလား နှစ်ခုထဲက တစ်ခုခု ရွေးရမှာ ဖြစ်ပြီး အဲဒီအတွက် စွမ်းအင် လုံလုံလောက်လောက် ရအောင် အက်ဒရီနယ်လင်က သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ တုန်ချိတုန်ချိနဲ့ လူတစ်ယောက်ဟာ အန္တရာယ်တွေ့ချိန်မှာ ခြံတောင်ကျော်ပြေးနိုင်တယ် ဆိုတာ အက်ဒရီနယ်လင်ရဲ့ သတ္တိပါပဲ။ 
.
ဒီလို ကောင်းကျိုးတွေ ရှိပေမယ့် ဟောက်နေတုန်း အသက်ရှူမ၀ရင် အက်ဒရီနယ်လင် ထွက်တာကျတော့ လွဲမှားမှုမို့ ဆိုးကျိုးကိုပဲ ဦးတည်စေပါတယ်။ အိပ်ပျော်နေတုန်း သွေးတွင်းသကြားဓာတ် ညစဉ်ရက်ဆက် မြင့်တက်ခြင်းဟာ နောက်ဆုံးတစ်နေ့မှာ ဆီးချိုရောဂါကို ဖြစ်စေပါတယ်။ 
.
ဒါကြောင့် အချုပ်ပြောရရင် ဟောက်တတ်တဲ့ အကျင့်ဟာ နှလုံး၊ သွေးတိုး၊ ဆီးချို ဆိုတဲ့ ရောဂါကြီးတွေကို ဖြစ်စေဖို့ ထိထိရောက်ရောက် အားပေးတယ် ဆိုတာပါပဲ။ ဒီသုံးခု ရှိမှတော့ ကျန်တဲ့ ရောဂါတွေ ဖြစ်ဖို့ကလည်း မဝေးတော့ဘူးဆိုတာ စာရှုသူ သိမှာပါ။ 
.
(တစ်ခါက ပြည်တွင်းထုတ် ဂျာနယ်ကြီးတစ်စောင်မှာ ဟောက်တတ်ခြင်းဟာ ကောင်းကြောင်း ရေးထားတဲ့ ဘာသာပြန် သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ရေးသူဟာ ဆရာဝန်မဟုတ်သလို ကျန်းမာရေး အကြောင်းလည်း သေချာနားမလည်တဲ့သူ ဖြစ်ပုံရပါတယ်။ ခိုင်လုံမှု မရှိတဲ့ (သို့) ပွင့်ပွင့်လင်းလင်း ပြောရရင် ရေးချင်ရာ ရေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကနေ ကူးယူဘာသာပြန်ထားပုံပါပဲ။ ဒါကြောင့် အမှန်အတိုင်း သိမှတ်စေချင်တာက ဟောက်ခြင်းဟာ ဘာအတွက်မှ မကောင်းပါဘူး၊ ကောင်းတယ်ပြောရင် လွဲမှားပါတယ် ဆိုတာ ပါပဲ) 
.
**ဟောက်တတ်ခြင်းကို ဘယ်လို ကာကွယ် ကုသရမလဲ** 
အောက်ပါအချက်တွေနဲ့ ကာကွယ်ကုသနိုင်ပါတယ်။ 
============================
(၁) အစားအသောက် ဆင်ခြင်ပြီး ကိုယ်အလေးချိန် ချဖို့ ကြိုးစားပါ။ တပြိုင်နက်တည်းမှာ ပေါင်အများကြီး ကျဖို့ မမျှော်လင့်ပဲ ရက်သတ္တပတ် တစ်ပတ်ကို ၂ ပေါင်အနည်းဆုံး ကျရင်ပဲ မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ 
.
(၂) တတ်နိုင်သမျှ သဘာဝအတိုင်း အိပ်ပျော်အောင် ကြိုးစားပါ။ အိပ်ဆေးသောက်မအိပ်ဘဲ အိပ်ခါနီး ငှက်ပျောသီး၊ နွားနို့၊ ကွေကာအုပ် စတဲ့ အစားအစာများ အနည်းငယ်စားခြင်းဖြင့် အိပ်ပျော်အောင် ကြိုးစားပါ။ နှာစေးခြင်း၊ ဓာတ်မတည့်တဲ့ အလာ့ဂျစ်ဖြစ်ခြင်းတွေမှာ သောက်တဲ့ ဟစ်တမင်းဆန့်ကျင်ဆေး (Antihistamines) တွေ (ဥပမာ ဘာမီတွန်၊ စီထရင်း စသည်) ကို အိပ်ချိန်မတိုင်မီ ၃ နာရီအတွင်းမှာ မသောက်ဖြစ်အောင် ကြိုးစားပါ။ စိတ်ငြိမ်ဆေးတွေလည်း ထိုနည်းတူပါပဲ။ 
.
(၃) မအိပ်ခင် ၄ နာရီအတွင်း အရက်သေစာ သောက်ခြင်း၊ အစာအလွန်အကျွံစားခြင်း၊ သွားရေစာ စားခြင်းများကို မပြုလုပ်မိအောင် သတိထား ရှောင်ပါ။ 
.
(၄) တတ်နိုင်သမျှ ညတိုင်း တူညီတဲ့ အချိန်မှာ အိပ်ရာဝင်နိုင်အောင် ကြိုးစားပါ။ 
.
(၅) ပက်လက်နဲ့ မှောက်လျက် အိပ်ခြင်းများကို အလေ့အကျင့်လုပ် ရှောင်ကြဉ်ပြီး ဘေးစောင်းအိပ်တဲ့ အကျင့်ကို မွေးမြူပါ။ အကောင်းဆုံး အိပ်နည်းကတော့ ညာဖက်ကို စောင်းအိပ်တာ ဖြစ်ပါတယ်။ ဒါဟာ အိပ်ပျော်နေစဉ် အတွင်းမှာ နှလုံးကို ဒဏ်မပိစေလို့ အသက်ရှည်စေတဲ့ အိပ်နည်းတစ်ခု ဖြစ်ကြောင်း ရှေးအတီတေကတည်းက ဆေးပညာရှင်များ ပြောကြားခဲ့ပြီး သိပ္ပံနည်းကျ စမ်းသပ် အတည်ပြုထားတဲ့ အိပ်နည်း ဖြစ်ပါတယ်။ ပက်လက်ပဲ အိပ်တတ်တဲ့ အကျင့်စွဲသူတွေ ပျောက်သွားအောင် တင်းနစ်ဘောလုံး တစ်လုံးကို ည၀တ်အင်္ကျီရဲ့ ကျောဖက် အလယ်မှာ အိတ်ကပ်သဘော ထည့်ချုပ်ကာ အိပ်ဖို့ ပြည်ပက ဆရာဝန်တွေ အကြံပေးလေ့ ရှိတယ်လို့ သိရပါတယ်။ တင်းနစ်လေဘောလုံး ဆိုတော့ မနာဘူးပေါ့။ ပြုံးစရာ ကောင်းပေမယ့် တကယ်ထိရောက်တဲ့ နည်းလို့ သိရပါတယ်။ 
.
(၆) မှောက်တတ်တဲ့ သူတွေဟာ အိပ်ရာရဲ့ ခေါင်းရင်းဖက်ကို လေးလက်မလောက် အပေါ်မြှင့်အိပ်ရင် လေပြွန်ပိတ်ဆို့မှုတွေ သက်သာလို့ အဟောက်လျော့ပါးသွားတာ တွေ့ရပါတယ်။ အိပ်ရာတစ်ခုလုံးကို ဖြောင့်တန်းစွာ ထားပြီး ခေါင်းရင်းကိုပဲ လေးလက်မ မြှင့်တင်နိုင်ရင် ကောင်းပါတယ်။ ခေါင်းအုံးကို မြှင့်တင်ဖို့ ပြောတာ မဟုတ်ပါ။ ဒီအချက်အတွက် အထူးလုပ်ထားတဲ့ ခုတင်နဲ့ဆို အဆင်ပြေသလို ခုတင်ခေါင်းရင်းက ခြေထောက်နှစ်ဖက် အောက်မှာ အုတ်ခဲ နှစ်လုံးစီ သေချာခုထားလည်း ရပါတယ်။ 
.
(၇) ဆေးလိပ်စွဲနေခြင်းဟာ လေပြွန်ရောင်ယမ်းခြင်း ဖြစ်စေတာမို့ ဆေးလိပ်စွဲသောက်သူတွေဟာ ပိုဟောက်တတ်တယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် သင့်အတွက် ပြင်းပြင်းထန်ထန် အန္တရာယ်ရှိစေတဲ့ ဓာတုဒြပ်ပေါင်း ၄၀၀ ကျော်ပါတဲ့ ဆေးလိပ်ကို ယနေ့ကစပြီး ဖြတ်နိုင်ဖို့ ကြိုးစားပါ။ 
.
(၈) ပုံမှန် ဟောက်တတ်သူ မဟုတ်ပေမယ့် နှာစေး၊ ချောင်းဆိုး၊ အဆုတ်အအေးမိ၊ လေပြွန်ရောင် စတဲ့ အသက်ရှူလမ်းကြောင်းရောဂါ တစ်ခုခု ရှောင်တခင် ရှိနေရင်လည်း အဲဒီအချိန်မှာ ဟောက်တတ်ပါတယ်။ ရောဂါကြောင့် ဖြစ်သလို ရောဂါအတွက် သောက်ရတဲ့ ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ ဖြစ်လာရင် မြန်မြန်ကုပါ၊ အိပ်ချိန်နဲ့ ဝေးအောင် ညဖက် စောစော ဆေးသောက်ပါလို့ အကြံပြုပါတယ်။ 
.
အထက်ပါ အချက်များနဲ့မှ မရရင်တော့ ဆရာဝန်ပြဖို့ လိုအပ်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အထက်မှာ ဆိုခဲ့တဲ့ အာခေါင်ပျော့နဲ့ အသက်ရှူလမ်းကြောင်းက အစိတ်အပိုင်းတွေ မွေးရာပါ ချို့ယွင်းမှု ရှိနေလို့ လိုအပ်ရင် ခွဲစိတ်မှု ပြုလုပ်ဖို့ ဆရာဝန်က စမ်းသပ်စစ်ဆေး ပြောကြားပါလိမ့်မယ်။ 
Written by : ဒေါက်တာသီဟသစ် 
KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment