Pages

Monday, July 6, 2015

ပညာရေးဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင်တက္ကသိုလ်များ၏ ဒေသအ လိုက် လျှောက်ထားခွင့် ကန့်သတ်ချက်ကို ယခုနှစ်တွင် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပြောကြား

RangonNewsDaily:: July . 6 .2015
“အရင်တုန်းကထိတော့ ဒေသနဲ့ခွဲပြီး ချပေးတာ၊ ခုတော့ မဟုတ်ဘူး၊ ကိုယ်ကြိုက်တဲ့ တက္ကသိုလ်ကိုလျှောက်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် တက်ချင်ရင်လျှောက်၊ အမှတ်များလို့ပါရင် မြစ်ကြီးနားက ဖြေဖြေ၊ တောင်ကြီးကဖြေဖြေ တက်လို့ရတာပေါ့” ဟု ဒေါက်တာတင်ဝင်းက ပြော ကြားသည်။ 
တက္ကသိုလ်အလိုက် ဝင်ခွင့်ပြုမည့် အနိမ့်ဆုံး သတ်မှတ်ချက်များ ရှိနိုင်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် မည်သည့်တက္ကသိုလ်မဆို လျှောက်ထားနိုင်ရန် ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်မြို့ အဆင့်မြင့်ပညာ ဦးစီးဌာန တွင် ဆွေးနွေးရာမှ သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 
::
ယခုနှစ်အတွက် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ၁၂၀၀၊ မုံရွာစီးပွားရေး တက္ကသိုလ်တွင် ၁၀၀၀ နှင့် မိတ္ထီလာ စီးပွားရေး တက္ကသိုလ်တွင် ၇၅၀ အသီးသီး လက်ခံမည်ဖြစ်ပြီး အနိမ့်ဆုံးရမှတ် ၃၅၀ နှင့်အထက် တစ်ဘာသာ အနိမ့်ဆုံးရမှတ် ၅၀ သတ်မှတ်ရန် လျာထားကြောင်း ဒေါက်တာတင်ဝင်းက ဖြည့်စွက်ပြောကြားသည်။ ယင်းသို့ ဒေသကန့်သတ်ချက် ပယ်ဖျက်ခြင်းနှင့် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် လက်ခံမည့် ကျောင်းသားဦးရေ၊ လျှောက်ထားနိုင်သည့် တက္ကသိုလ်၊ ဘာသာရပ် များကိုမူ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်၌ အသေးစိတ် ဖော်ပြသွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ထံမှ သိရှိရသည်။
::
“ဒီနှစ်မှာ ဒေသအလိုက် အမှတ် ကန့်သတ်ချက်လည်း ပယ်ဖျက်တယ်၊ အမှတ်ဘယ်လောက် ရရ လျှောက်ချင်တဲ့ တက္ကသိုလ် လျှောက်ပေါ့နော်၊ ဒါပေမဲ့ လျှောက်တဲ့ တက္ကသိုလ်ရဲ့ လက်ခံမယ့် ကျောင်းသားဦးရေ အရတော့ တက်ခွင့်ရ၊ မရ ကွာခြားသွားမှာပေါ့” ဟု သန်လျင်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကေ သီလွင်က ပြောကြားသည်။ 
::
ယခုနှစ် သန်လျင်နည်းပညာ တက္ကသိုလ် ဝင်ခွင့်တွင် စာသင်ခန်း တစ်ခုလျှင် ကျောင်း သား ၄၀ နှုန်း လက်ခံသင်ကြားမည်ဖြစ်၍ ဘာသာရပ် ကိုးခုအတွက် ကျောင်းသား ၃၆၀ လက်ခံမည်ဖြစ်ပြီး အမှတ် အမြင့်ဆုံး ကျောင်းသား ၃၆၀ ဦးကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ယခင်နှစ်က တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရာတွင် ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံ ဘာသာရပ်နှင့် နျူကလီးယား ရူပဗေဒကို ဒေသအလိုက် ဝင်ခွင့်လျှောက်ထားခြင်း ကန့်သတ်ချက်များ ရှိခဲ့ကြောင်း ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ထံမှ သိရှိရသည်။ 
::
ယခင်နှစ်က ကရင်၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရခိုင် ရန်ကုန်နှင့် ဧရာဝတီဒေသရှိ ကျောင်းသားများသည် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ် ကျောင်းသားများသည် စစ်ကိုင်းပညာရေး တက္ကသိုလ်သို့သာ တက်ရောက်ရန် လျှောက်ထားခွင့်ပြုခဲ့ကြောင်း ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် တွင် ဖော်ပြထားသည်။ 
::
ထို့ပြင် ကရင်၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရန်ကုန်နှင့် ဧရာဝတီဒေသရှိ ကျောင်းသားများ သည် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ကချင်၊ ချင်း၊ စစ်ကိုင်းနှင့် ရှမ်း(မြောက်)ဒေသ ကျောင်းသားများသည် မုံရွာစီးပွားရေး တက္ကသိုလ်နှင့် ကယား၊ မကွေး၊ မန္တလေး၊ ရှမ်း(တောင်၊အရှေ့)ဒေသ ကျောင်းသားများသည် မိတ္ထီလာစီးပွားရေး တက္ကသိုလ်သို့ လျှောက်ထားခွင့်ပြုခဲ့သည်။ ဆေးတက္ကသိုလ်များ တက်ရောက်ခွင့်ကိုမူ ဆေးတက္က သိုလ် ခွဲဝေချထားရေး အဖွဲ့က အခြေအနေအရ သတ်မှတ်ချက်များအတိုင်း ခွဲဝေသတ်မှတ်သည့် ဆေးတက္ကသိုလ် များတွင်သာ တက်ရောက်ရန် လျှောက်ထားခွင့်ပြုခဲ့ကြောင်း ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ် တွင် ဖော်ပြထားသည်။
The Voice ::--KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment