Pages

Friday, June 12, 2015

မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ချက် သေဆုံးသူ ၂၀၀ ကျော်ပါဝင်

RangonNewsDaily:: June . 12 .2015
လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲ အတွက် မန္တလေးတိုင်းဒေသကြီး အတွင်း ခရိုင်လေးခုမှ အခြေခံ မဲဆန္ဒရှင်စာရင်း များကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန် ကြေညာရာ သေဆုံးပြီးသူနာမည်များ အများစု ပါဝင်နေကြောင်း အဆိုပါမဲစာရင်း စောင့်ကြည့်နေသူများ ထံမှ သိရသည်။
အဆိုပါထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင် စာရင်းများအရ မဟာအောင်မြေမြို့နယ်တွင် သေဆုံးသူဦးရေ နှစ်ရာခန့် ပါဝင်နေ ကြောင်း မဲစာရင်းမှန်ကန် ပြည့်စုံစေရေး စောင့်ကြည့်နေသည် ဆိုသည့် ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။
::
“ရပ်ကွက်တွေတိုင်း စောင့်ကြည့်နေတဲ့ သူတွေဆီက တက်လာတဲ့စာရင်း အရ တော်တော်ကို များတယ်။ ဒါတွေကို ပြည်သူက သက်သက်မဲ့ ပြင်ရသလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ မဲစာရင်းထုတ်ပြန်ချက် အပေါ် စိတ်မဝင်စားသည့် ပြည်သူများ လည်းရှိနေရာ သေဆုံးသူမည်မျှ ပါနေနိုင်သည်ကို မသိနိုင်ဘဲ အသက် ၁၈ နှစ် ပြည့်ပြီးသူများ၊ မဲစာရင်းတွင် ပါဝင်ခြင်း မရှိသူများ၊ မိဘအမည် လွဲမှားခြင်းနှင့် မှတ်ပုံတင်နံပါတ် မှားနေသည်များလည်း ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
::
“သေတဲ့သူစာရင်းတွေ ပါနိုင်တာပဲ။ ကာယကံရှင်တွေ လာပြောပါ မဲစာရင်း ကနေ ဖျက်ပေးမယ်။ ဖျက်မပေးဘူးဆိုရင် ကော်မရှင်ကို ကြိုက်သလိုစွပ်စွဲပါ” ဟု မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မင်းအောင်က ဆိုသည်။
မဲစာရင်းများကို အုပ်ချုပ်ရေးမှူးရုံး များမှ တက်လာသည့် စာရင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနရှိ စာရင်းများကို တိုက်ဆိုင် စစ်ဆေးကာ မဲစာရင်းပြုစုခြင်း ဖြစ်ရာ သေဆုံးသူအမည်ကို အိမ်ထောင်စုစာရင်းတွင် ပယ်ဖျက်ထားမှု မရှိခြင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများက ပယ်ဖျက်ထားခြင်း မရှိသောကြောင့် သေဆုံးသူအမည်များ ပါဝင်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
::
“မဲစာရင်းအမှန်ဆိုတာ ဘယ်တုန်းကမှ ပြည်သူတွေ မသိခဲ့ရဘူး။ အမှားတွေ ပါမှာပဲ။ ပြည်သူတွေ နိုးကြားမှုနဲ့ ဘယ်လောက် အမှန်ကို ပြင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ” ဟု ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနေသည့် ဦးညီညီကျော်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံခရိုင် များတွင် မဲဆန္ဒရှင် ၂၆ သိန်း ကျော်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ မဲစာရင်းတွင် တပ်နှင့်ရဲတပ်ဖွဲ့ ဧရိယာတွင် နေထိုင်သူများ မပါဝင်ဘဲ အဆိုပါနေရာများတွင် အပြောင်းအရွှေ့ များကြောင့် စာရင်း မတည်ငြိမ်နိုင် သည့်အတွက် ရွေးကောက်ပွဲနီးသည့် အချိန်မှသာလျှင် ထုတ်ပြန်မည် ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment