Pages

Friday, June 12, 2015

တာမွေ နှစ်လောင်းပြိုင် လူသတ်မှု သံသယရှိသူ ၁၀ ဦးကို စစ်ဆေး

RangonNewsDaily:: June . 12 .2015
တာမွေမြို့နယ် ပုသိမ်ညွန့် စံပြရပ်ကွက် မလွှကုန်းလမ်းရှိ နေအိမ်တစ်လုံးတွင် လက်ဝတ်ရွှေထည်ပစ္စည်းများ လုယက်ကာ သတ်ဖြတ်ခံရသည့် အမျိုးသမီးကြီးနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ ၁၀ ဦးကို ခေါ်ယူစစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“အသတ်ခံရသူနှစ်ယောက် ဝတ်ထားတဲ့ ရွှေဆွဲကြိုးနဲ့ နားကပ်တွေ ဖြုတ်ယူသွားတယ်။ ကျူးလွန်သူက အိမ်ထဲက ပစ္စည်းတွေကို စိတ်ကြိုက်မွှေနှောက် ရှာသွားတယ်။ တခြားဘာအဖိုးတန် ပစ္စည်းတွေ ထပ်ယူသွားတယ် ဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
::
မလွှကုန်းလမ်းရှိ လုံးချင်းအိမ် နှစ်ခန်းတွဲတွင် ငှားရမ်းနေထိုင်သော အသက် ၇၀ အရွယ် အမျိုးသမီးကြီးနှင့် တူမဖြစ်သူ အသက် ၆၀ အရွယ် အမျိုးသမီးကြီးနှစ်ဦးမှာ ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ထိုးသွင်းဒဏ်ရာများဖြင့် နေအိမ်တွင် သေဆုံးနေသည်ကို ယင်းလမ်းအတွင်း နေထိုင်သူများက စတင်တွေ့ရှိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“လက်ရှိ စစ်ဆေးနေတဲ့သူ ၁၀ ယောက်က သေဆုံးသူတွေရဲ့အိမ်ကို ဝင်ထွက်သွားလာဖူးသူတွေနဲ့ အဲဒီအိမ်အနီး နေထိုင်သူတွေကို ခေါ်ယူစစ်ဆေးတာပါ။ လူသတ်မှုဖြစ်တဲ့အိမ်မှာ ကျူးလွန်ခဲ့သူ တစ်ယောက်ရဲ့ သွေးပေနေတဲ့ ခြေရာတစ်ခုကို ရထားလို့ ဒီကနေ သဲလွန်စယူပြီး အမှုမှန် ဖော်ထုတ်သွားမယ်” ဟု ယင်းအမှုကို ပူးပေါင်းစစ်ဆေးနေသော စီအိုင်ဒီမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
::
နေအိမ်အတွင်း အသတ်ခံရသူနှစ်ဦးမှာ ယင်းလမ်းတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ အိမ်ငှားနေထိုင်သူများ ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် သင့်မြတ်ကာ အနေအထိုင် ရိုးအေးသူများ ဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်သော နေအိမ်တံခါးသော့ခတ်ပေါက်ကို အပြင်မှ ကတ်ကြေးဖြင့် ကလန့်ပိတ်ထားပြီး ခြံစည်းရိုးတံခါး ပွင့်နေသည်ကို ပတ်ဝန်းကျင်နေသူများက မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် ဇွန်လ ၉ ရက်နေ့က ၎င်းတို့၏ ဆွေမျိုးများကို ခေါ်ယူကာ နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုခဲ့ရာမှ သေဆုံးနေသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ပုသိမ်ညွန့် စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
::
“တနင်္ဂနွေနေ့ မနက်ပိုင်းအထိ သူတို့နှစ်ယောက်ကို တွေ့တယ်။ နောက်ရက်တွေမှာ သူတို့အိမ်ရှေ့ ခြေနင်းခုံမှာ အိမ်သားတွေစီးတဲ့ ဖိနပ်တွေ ရှိပေမယ့် အိမ်တံခါးကို ကတ်ကြေးနဲ့ ကလန့်ပိတ်ထားလို့ မသင်္ကာလို့ သူတို့ရဲ့ တူမတစ်ယောက်ဆီ ဖုန်းဆက်အကြောင်းကြားခဲ့တာပါ” ဟု ယင်းရပ်ကွက်မှ ရာအိမ်မှူး ဦးစန်းရီက ပြောကြားသည်။
::
အဒေါ်ဖြစ်သူမှာ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မျက်နှာနှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေပြီး တူမမှာ လည်ပင်းအောက် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လူသတ်မှု ကျူးလွန်ခဲ့သူက ၎င်းတို့၏ ခြေထောက်များကို နှစ်ပင်လိမ် ဝါယာကြိုးဖြင့် ချည်နှောင်ကာ သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးချက်များထံမှ စုံစမ်းသိရှိရသည်။
::
အဆိုပါ နှစ်လောင်းပြိုင် လူသတ်မှုကို တာမွေမြို့မ ရဲစခန်းမှ (ပ) ၈၀၉/၁၅၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စီအိုင်ဒီ အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့နှင့် ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment