Pages

Sunday, December 21, 2014

အထပ်မြင့်ဆောက်ပါက လိုက်နာရမည့် စည်းကမ်းချက် အသစ်များ မန္တလေးတွင် ထပ်တိုးသတ်မှတ်

RangonNewsDaily:: December . 21 .2014
ယာဉ်ကြောကျပ်တည်းမှု လျော့နည်းရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထပ်မံဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများတွင် ယာဉ်ရပ်နား ဧရိယာ အပါအဝင် စည်းကမ်းချက် အသစ်များကို ဒီဇင်ဘာလမှ စတင်ကာ ထပ်တိုး သတ်မှတ်လိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနခွဲမှူး ဦးခင်မောင်ညွှန့်က ပြောကြားသည်။

“အထပ်မြင့် အဆောက်အအုံတွေက များလာပြီး လူဦးရေတွေကလည်း ထူထပ်လာတော့ လိုအပ်ချက်အရ စည်းကမ်းချက်တွေ ထပ်တိုး သတ်မှတ်လိုက်တာပါ။ အရင်ကလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားတာတော့ ရှိပါတယ်။ ပါကင်ကိစ္စကတော့ မဖြစ်မနေ လိုအပ်လာတဲ့အတွက် သတ်မှတ်လိုက်တာပါ။ စည်းကမ်းချက်နဲ့ ကိုက်ညီမှသာ ဆောက်လုပ်ခွင့် ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ထပ်တိုး စည်းကမ်းချက်များမှာ ပစ္စည်းရောင်းချမည့် အရောင်းပြခန်းများ ဆောက်လုပ်ရာတွင် ယာဉ်ရပ်နား ဧရိယာ ထားရှိရန်၊ ပစ္စည်းသိုလှောင် ရုံများတွင် အဆောက်အအုံသို့ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် ဆက်စပ်လမ်းများ၊ မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် အဆောက်အအုံအတွင်း မီးသတ်ပိုက်များ ထားရှိရန်၊ ဟိုတယ်၊ ဆေးရုံ၊ ဆေးခန်းများ၊ တည်းခိုခန်းများ ဆောက်လုပ်ရာတွင် ယာဉ်ရပ်နား ဧရိယာကို အဆောက်အအုံ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ထားရှိရမည်တို့ ဖြစ်ကြောင်း အဆိုပါဌာန ထုတ်ပြန် ကြေညာချက်များအရ သိရသည်။

“ရန်ကုန်မှာတောင်မှ ယာဉ်ရပ်နားဖို့ နေရာရှိမှ ကားတင်သွင်းခွင့် ပေးမယ်ဆိုပြီး လုပ်နေပြီ။ မန္တလေးမှာလည်း ယာဉ်ရပ်နားစရာ နေရာပါမှ အဆောက်အအုံ ဆောက်လုပ်ခွင့် ပေးမယ်ဆိုတာ ကောင်းတာပေါ့။ ပါကင်နေရာ လုံလုံလောက်လောက် မရှိဘဲ အဆောက်အအုံတွေ ထပ်ဆောက်ရင် ယာဉ်ကြောတွေ ပိုပိတ်လာတာပဲ ရှိမယ်။ စည်းကမ်းချက် ထုတ်ထားပြီးရင်တော့ သေချာစိစစ်ဖို့ လိုတယ်” ဟု မန္တလေးမြို့တော် အခြေစိုက် ဝါရင့်ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

မန္တလေးမြို့တော်တွင် မော်တော်ယာဉ်စီးရေ တစ်သိန်းရှစ်ထောင်ကျော် ရှိပြီး မော်တော်ဆိုင်ကယ်စီးရေမှာ ခြောက်သိန်း ခြောက်သောင်းကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

The Voice, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment