Pages

Sunday, December 21, 2014

ဗိုလ်ချုပ်ရာပြည့်ပွဲများကို လူငယ်များအား သင်ယူစေချင်သည့် ပုံစံမျိုးဖြင့်သာ ကျင်းပလိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော


RangonNewsDaily:: December . 21 .2014
ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့်ပွဲအခမ်းအနားများ ကျင်းပ ရာ၌ တိုင်းပြည်အတွက် အကျိုးရှိ မည့် ခေါင်းဆောင်များ၏ အရည် အချင်းများကို လူငယ်များအား သင်ယူစေချင်သည့် ပုံစံမျိုးဖြင့် သာ ကျင်းပစေလိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

‘‘ဖေဖေ့ (ဗိုလ်ချုပ်အောင် ဆန်း)ရဲ့ နှစ်တစ်ရာပြည့်အခမ်းအ နားတွေ ကျင်းပတယ်ဆိုတာ ကျွန်မတို့ လူငယ်တွေကို သင်ပေး ချင်တဲ့စိတ်ဓာတ်နဲ့ ကျင်းပစေချင် ပါတယ်။ ဘယ်လိုအရည်အချင်း တွေဟာ တိုင်းပြည်အတွက် အ ကျိုးရှိတယ်။ ဘယ်လိုခေါင်းဆောင်တွေ ကျွန်မတို့ လူငယ်တွေဖြစ်ဖို့ ကြိုးစားရမလဲဆိုတာ သင်ပေးစေချင်တယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၀ရက်က ရန် ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် (ဗဟို)မှ ကြီးမှူးကျင်းပသောဗိုလ် ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခြင်းဖြစ်သည်။
‘‘ကျွန်မတို့ လူငယ်တွေအ နေနဲ့ ဖေဖေ(ဗိုလ်ချုပ်အောင် ဆန်း)နှစ်တစ်ရာ ကျင်းပဖို့တာစူနေတဲ့အခါမှာ ဘာကြောင့်ကျင်းပရတာလဲ၊ ဘယ်လိုကျင်းပ ကြမလဲ၊ ဒီလိုကျင်းပခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံအတွက်ဘယ်လို အကျိုးပြုနိုင်မလဲ စဉ်းစားကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လူငယ်များအနေဖြင့် တာ ၀န်ယူချင်သည့် စိတ်ဓာတ်များရှိ ရန်လိုအပ်ပြီး၊ နိုင်ငံတွင် ဒီမို ကရေစီရရှိရန် ကြိုစားသည့်နေရာ ၌ အများအတွက်ဖြစ်ရမည်ဖြစ် ကာ နိုင်ငံရေး၌လည်း လူငယ် များအနေဖြင့် စိတ်ဝင်စားကြရန် နှင့် နိုင်ငံအတွက်စေတနာထား သည့် နိုင်ငံရေးမျိုးကိုသာ လုပ် ဆောင်ရန် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်း၏ ရာပြည့်ပွဲကို ဗိုလ် ချုပ်၏ ဇာတိချက်မြှုပ်မွေးရပ်မြေဖြစ်သော နတ်မောက်မြို့၌ ကျပ်သိန်းတစ်ထောင်ကျော် အကုန်အကျခံ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲဖြစ်မြောက်ရေးကော်မတီတွဲဖက်အတွင်းရေးမှူးဦးဇော်မင်းက ပြောကြားထားသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲကို လာ မည့်နှစ် ဖေဖော်ဝါရီ ၇ရက်မှ ၁၃ ရက်အထိ ရက်သတ္တပတ်ကြာ ကျင်းပသွားရန် သတ်မှတ်ထားပြီး နေ့လယ်တွင် ပြပွဲ၊ ပြိုင်ပွဲများ၊ ညတွင် စာပေဟောပြောပွဲများ၊ ဖျော်ဖြေပွဲများ ပြုလုပ်သွားရန်ရှိ သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲကို ဇာတိမြေဖြစ်သော နတ်မောက်မြို့၌ ခမ်းခမ်းနားနားကျင်းပရန် စီစဉ်ထားခြင်း သည် နောင်လာနောက်သားလူ ငယ်များ အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်းကို မေ့လျော့မှုမရှိစေ ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် သည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုဦးအောင်သန်း၏ သား ဦး ချိုအောင်သန်းက 7Day Daily သတင်းစာအား ပြောကြားထား သည်။

ဗိုလ်ချုပ်အောင်ဆန်း ရာ ပြည့်ပွဲတွင် ဗိုလ်ချုပ်နှင့် မိသားစု ၏ အသုံးအဆောင်ပစ္စည်းများ၊သ မိုင်းဝင်အထောက်အထားစာရွက် စာတမ်းများ၊ ဓာတ်ပုံ၊ မြေပုံများ၊ ဗိုလ်ချုပ်နှင့်ပတ်သက်သည့် နေ ရာ၊ ဒေသ၊ အဆောက်အအုံများ ၏ ပုံစံငယ်များ၊ ဗိုလ်ချုပ်အ ကြောင်း ရေးသားထုတ်ဝေသည့် စာအုပ်များ ရိုက်ကူးထားသည့် ရုပ်ရှင်များကို စုဆောင်းရှာဖွေပြ သမည်ဖြစ်သည်။

7Day Daily, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment