Pages

Friday, December 26, 2014

ဖခင်ဖြစ်သူက ဟန်းဆက်မဝယ်ပေးသဖြင့် လူငယ်တစ်ဦး အဆိပ်သောက် သေဆုံး

RangonNewsDaily:: December . 26 .2014
ကွမ်းခြံကုန်းမြို့နယ် ဆင်တိုးကျေးရွာတွင် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးမှာ ဖခင်ဖြစ်သူက ဟန်းဆက် မဝယ်ပေးသောကြောင့် အဆိပ်သောက် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ဆင်တိုးကျေးရွာတွင် နေထိုင်သူ ကိုအောင်မြင့်မြတ်မှာ ၎င်း၏ ဖခင်ဖြစ်သူကို ဟန်းဆက်လိုချင်ကြောင်း လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်ပူဆာခဲ့သော်လည်း ဖခင်က မဝယ်ပေးနိုင်သေးသောကြောင့် ယင်းနေ့က လယ်တဲရှိ ပိုတက်ဆေးသောက်ကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်း ကွမ်းခြံကုန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဟန်းဆက်ဝယ်ပေးဖို့ ပူဆာနေတာ မဝယ်ပေးလို့ မသေခင် သုံးရက်လောက်တည်းက စိတ်ကောက်ပြီး ထမင်းလည်း မစားတော့ဘူး၊ ဆုံးတဲ့နေ့က လယ်ထဲလိုက်လာပြီး သူ့မရီးကို ပိုတက်ဆေးသောက်ရင် သေလားလို့ မေးခဲ့သေးတယ်။ သူ့မရီးက သေတတ်တယ်လို့ ပြောလိုက်တော့ လယ်တဲထဲ ပြန်ဝင်သွားခဲ့တာ၊ ထမင်းစားဖို့ လယ်ထဲဝင်မှ အမြှုပ်တွေ ပါးစပ်ကထွက်ပြီး သေဆုံးနေတဲ့ အလောင်းကို တွေ့ခဲ့တာ” ဟု ဆင်တိုးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
::
အဆိုပါ သေဆုံးခဲ့သည့် လူငယ်ရုပ်အလောင်းကို ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး ကွမ်းခြံကုန်း မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၉/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment