Pages

Friday, December 26, 2014

ရန်ကုန်တွင် ကျပ်လေးဘီလီယံကုန်ကျမည့် လူကူးခုံးကျော်တံတား ခြောက်စင်း ထပ်ဆောက်မည်


RangonNewsDaily:: December . 26 .2014
ရန်ကုန်တိုင်းတွင် လာမည့်နှစ်အတွင်း လူကူးခုံးကျော်တံတား ခြောက်စင်းကို ကျပ်လေးဘီလီယံ အကုန်အကျခံ၍ ထပ်မံတိုးချဲ့ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။
အဆိုပါ လူကူးခုံးကျော်တံတားများကို ပြည်လမ်း (စိုက်ပျိုးရေးမှတ်တိုင်အနီး)တွင်တစ်စင်း၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းဆုံတွင် တစ်စင်း၊ ပြည်လမ်း (မာလာဆောင်အနီး)တွင် တစ်စင်း၊ ပြည်လမ်း (တံတားဖြူမှတ်တိုင်အနီး) တွင်တစ်စင်း၊ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းတွင် တစ်စင်းနှင့် အနော်ရထာလမ်းမပေါ်တွင် တစ်စင်းစီ တို့ကို လာမည့်နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ အင်ဂျင်နီယာဌာနထံမှ သိရသည်။

“အသုံးပြုတဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ပါ။ ပြည်သူတွေအနေနဲ့ ခုံးကျော်တံတားကို အသုံးပြုမယ်
ဆိုရင် ယာဉ်အန္တရာယ်ကို ကြောက်စရာ မလိုတော့ဘူးပေါ့။ ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်း
သွားမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံ
တား) တာဝန်ရှိသူတစ်ဦးက ဆိုသည်။
::
အဆိုပါ တံတားခြောက်စင်းကို အသုံးပြုသည့် လူဦးရေပေါ်မူတည်၍ စက်လှေကားများ ထည့်သွင်း တည်ဆောက်ရန် စီစဉ်ထားကြောင်း အဆိုပါ အင်ဂျင်နီယာဌာနထံမှ သိရသည်။
“ခုံးကျော်တံတား ဆောက်ရင် သက်ကြီးရွယ်အိုတွေ အတွက် ထည့်သွင်းစဉ်းစားဖို့ လိုမယ်။ သူတို့တွေက တံတားပေါ် ဘယ်လိုလုပ် တက်နိုင်မှာလဲ။ စက်လှေကား တပ်ဆင်ပေးမှ အဆင်ပြေမှာပါ” ဟု လမ်းမတော်မြို့နယ်နေ ကိုဟိန်းထက်အောင်က ဆိုသည်။
::
လူကူး ခုံးကျော်တံတားများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ခုနစ်စင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စက်လှေကား ပါဝင်သော တံတားနှစ်စင်းနှင့် ရိုးရိုးတစ်စင်း တည်ဆောက်ခဲ့ပြီး လာမည့်နှစ်အတွင်း ခြောက်စင်း ထပ်မံ တည်ဆောက်သွားမည် ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း လူကူးခုံးကျော်တံတား စုစုပေါင်း ၁၆ စင်းအထိ ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment