Pages

Wednesday, November 5, 2014

အိုဘားမား ရောက်နေချိန် မှတ်ပုံတင်ပါမှ ခရီးသွားရန် သတိပေးထား


RangonNewsDaily:: November . 4 .2014
အမေရိကန် သမ္မတ အိုဘားမား တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပစဉ် အတွင်း ပြည်တွင်းပြည်ပသို့ ခရီးသွားလာသူများအပေါ် စိစစ်ဆေးမှုများကို တိုးမြှင့်မည်ဖြစ်၍ နိုင်ငံသား စိစစ်ရေးလက်မှတ် သို့မဟုတ် ခိုင်လုံသော အထောက်အထားများ မပျက်မကွက် ယူဆောင်လာကြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ပြည်တွင်းပြည်ပ ခရီးသွားများကို လုံခြုံရေးအရ စစ်ဆေးမေးမြန်းခြင်း၊ ရှာဖွေခြင်းများကို ယခင်ထက် တိုးမြှင့် ဆောင်ရွက်မည်ဖြစ်သည့် အတွက် ပြည်သူ့များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

"အာဆီယံအစည်းအဝေးအတွက် လုံခြုံရေးဌာနက ကော်မတီဖွဲ့ပြီး လုပ်နေတာ အဲဒီအဖွဲ့က တစ်ဆင့် တစ်နိုင်ငံလုံးကို လုံခြုံရေး အရ ဆောင်ရွက်သင့်တာကို ဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးဌာနမှ ရဲမှူးကြီး အဆင့်ရှိသူတစ်ဦးက ပြောသည်။
::
အစည်းအဝေးအချိန်အတွင်း ပြည်တွင်းပြည်ပသို့ ၀င်ထွက် ခရီးသွားလာသူများသည် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ဝန်ထမ်းကဒ်ပြား၊ ခရီသွား ထောက်ခံချက်လက်မှတ်များအပြင် သက်ဆိုင်ရာ ယာဉ်အထောက်အထားများကိုပါ မပျက်မကွက် ယူဆောင်သွားလာရန် လိုအပ်မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ၀င်ထွက်သွားလာနေသည့် ခရီးသွားပြည်သူများအပေါ် စိစစ်မှုများ သာမက လုံခြုံရေး အင်အားကို ယခင်ထက် တိုးမြှင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်လေဆိပ် လေကြောင်းရဲတပ်ဖွဲ့မှုး ရဲမှူးကြီး ဥက္ကာကိုက မဇ္ဈိမကိုပြောသည်။
::
"ကျွန်တော်တို့ကို လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားထားတဲ့အတွက် အ၀င်အထွက် စစ်ဆေးမှုတွေကို တိုးမြှင့် လုပ်ဆောင်နေတယ်။ ၂၄ နာရီလုံး လုံခြုံရေးကို တိုးမြှင့်ထားတယ်" ဟု ၎င်းကဆိုသည်။

အဝေးပြေးယာဉ်လိုင်းများဖြင့် ခရီးသွားနေသည့် ခရီးသည်များကို အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ပူးပေါင်းအဖွဲ့များဖြစ်သည့် ပို့ဆက်၊ စည်ပင်၊ရဲ နှင့် အခြားဆက်စပ် အဖွဲ့တို့ဖြင့် ပူးပေါင်းစစ်ဆေးနေသည်ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ဗဟို ဥက္ကဌ ဦးလှအောင်က ပြောသည်။
::
"ကျွန်တော် ၁ရက်နေ့က မန္တလေးကို အဝေးပြေးကား စီးပြီးသွားတော့ အရင်လိုပါပဲ ပိုပြီးစစ်လားဆေးလား မရှိပါဘူး" ဟု ပုဂ္ဂလိကဝန်ထမ်း ကိုဘိုဘို ကဆိုသည်။
::
အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၂ရက်မှ ၁၃ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းနောက် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် အမေရိကန် သမ္မတ အိုဘားမား လာရောက်မည်ဖြစ်သည်။

Mizzima - News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment