Pages

Wednesday, October 29, 2014

ဧရာဝတီတိုင်းဒေသကြီးမော်ကျွန်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လေးဦးသေဆုံး

RangonNewsDaily:: October . 28 .2014
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကျွဲခြံကျုံလမုရွာတွင် အောက်တိုဘာလ ၂၅ ရက်နေ့က ရွာတွင်း ပေးဝေလျက်ရှိသော လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ၍ လူလေးဦး သေဆုံးကြောင်း အဆိုပါကျေးရွာနေ ဒေသခံများထံမှ သိရသည်။
ယင်းနေ့ ညနေ့ ၄ နာရီခွဲခန့်က အသက် ၇၀ နှစ်ရှိ ဒေါ်လှမြင့်၏ အိမ်ရှေ့တွင် အသက်သုံးနှစ် မပန်းအိဖြူနှင့် အသက် ၁၁ နှစ်အရွယ် မောင်မင်းထက်ကျော်တို့ ကစားနေစဉ် သီရိရွှေစင်ဆန်စက်က ဓာတ်အားဖြန့်ဝေနေသော ဓာတ်ကြိုးပြတ်ကျခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာနေ မျက်မြင်များက ပြောကြားသည်။
ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်နေသူ ကလေးနှစ်ဦးကို အိမ်ရှင်ဒေါ်လှမြင့်၊ သမီးဖြစ်သူ အသက် ၄၀ နှစ်ရှိ ဒေါ်အေးအေးမူ၊ ပန်းအိဖြူ၏ မိခင် အသက် ၂၈ နှစ်ရှိ ဒေါ်ဝင်းသူဇာနှင့် ဒေသခံ ရွာသား အသက် ၂၅ နှစ်ရှိ ဦးမျိုးသူရအောင်တို့က အဆင့်ဆင့် ဝင်ဆွဲကြရာ ဝင်ဆွဲသူ လေးဦးစလုံး ဓာတ်လိုက်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
::
မပန်းအိဖြူ၊ မောင်မင်းထက်ကျော်နှင့် အခြားကယ်ဆယ်သူတစ်ဦး ဖြစ်သည့် အသက် ၂၆ နှစ်ရှိ ဦးဖြိုးမင်းတို့ ဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် မော်ကျွန်းဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ရကြောင်း ရွာသားများက ပြောကြားသည်။
::
ယင်းဖြစ်စဉ်အတွက် မော်ကျွန်းမြို့နယ် မြတ်သာရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၄ ဖွင့်လှစ်ထားပြီး ဓာတ်ကြိုးပြတ်ကျရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment