Pages

Saturday, October 25, 2014

ပရီးမီးယားလိဂ် ပွဲစဉ် (၉)မန်ယူ နှင့် ချဲဆီး တို့၏ ပွဲကြိုသုံးသပ်ချက်။ (အိုးထရက်ဖို့ကွင်း တနင်္ဂနွေနေ့ ၁၀:၃၀)


RangonNewsDaily:: October . 24 .2014
မန်ယူအသင်းအတွက် ဒီနှစ်ရာသီမှာ ပထမဆုံး အသင်းကြီးတစ်သင်းကို စတင်ရင်ဆိုင်ရတဲ့ ပွဲ ဖြစ်ပါတယ်။
ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးပွဲ ငါးပွဲမှာ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ မန်ယူအိမ်ကွင်းမှာ 
မန်ယူ ၃ - ၃ ချဲဆီး
၂၀၁၂ ခုနှစ် အောက်တိုဘာလ ချဲဆီးအိမ်ကွင်းမှာ
ချဲဆီး ၂ - ၃ မန်ယူ
၂၀၁၃ ခုနှစ် မေ လ မန်ယူ အိမ်ကွင်းမှာ
မန်ယူ ၀ - ၁ ချဲဆီး
၂၀၁၃ ခုနှစ် သြဂတ်လ မန်ယူ အိမ်ကွင်းမှာ
မန်ယူ ၀ - ၀ ချဲဆီး
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ချဲဆီးအိမ်ကွင်းမှာ
ချဲဆီး ၃ - ၁ မန်ယူ
ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး ချဲဆီးက သမိုင်းကြောင်းအရ အနည်းငယ် အသာရနေပါတယ်။


လက်ရှိအနေအထားမှာလည်း ချဲဆီးက အဆင့် ( ၁ ) ၊မန်ယူက အဆင့် ( ၆ ) အနေအထားမို့ ချဲဆီးက လက်ရှိမှာ စိတ်ဓာတ်ပိုင်း အသာရထားပါတယ်။


ချဲဆီးရော မန်ယူမှာပါ နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့တာချင်း တူပေမဲ့ အသင်းရဲ့ အနေအထားတွေကတော့ မတူခဲ့ပါဘူး။
ဗန်ဟားက မန်ယူကို စရောက်ကတည်းက အသင်းကို တစ်သင်းလုံး ပြန်လည်တည်ဆောက်နေခဲ့ရလို့ လက်ရှိအချိန်ထိ တည်ငြိမ်တဲ့ ခြေစွမ်းကို မရရှိသေးပါဘူး။


ချဲဆီးကတော့ အောင်မြင်မှုပေါင်းများစွာ ရယူပေးခဲ့တဲ့ နည်းပြဟောင်းတစ်ယောက်ကို ပြန်ရလိုက်တာ အပြင် မော်ရင်ဟို အနေနဲ့ကလည်း ချဲဆီးနဲ့ ရော ပရီးမီးယားလိဂ်နဲ့ပါ အတွေ့အကြုံကောင်းတွေ ရှိနေတာမို့ သူ့အတွက် အင်္ဂလန် အပြန်ခရီးက ချောမွေ့နေခဲ့ပါတယ်။


ခြေစွမ်းမပြတဲ့ တိုက်စစ်မှုးတွေ နေရာမှာ အစားထိုးဖို့ ကော်စတာကို အရခေါ်ယူခဲ့ပြီး အသင်းကို အထောက်အကူ အများကြီးပေးနေတဲ့ ဖာဘရီဂတ်ကို အရခေါ်ယူနိုင်ခဲ့တာက ချဲဆီးရဲ့ တောင့်တင်းတဲ့လူအင်အားကို အကောင်းဆုံး စုဖွဲ့မှု တစ်ရပ် ဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ ကော်စတာရော ရီမီပါ ဒဏ်ရာရရှိနေခဲ့တာက တိုက်စစ်မှာ အားနည်းမှု ရှိနိုင်ပါတယ်။

ဗန်ဟားဟာ လုဇ်ရှော ၊ဟာရဲရား ၊ရိုဂျို ဒါလေဘလိုင်း ၊ဒီမာရီယာ၊ ဖယ်ကာအို တို့ကို ခေါ်ယူပြီး အသင်းကို စိတ်ကြိုက် ပြုပြင်ခဲ့ပါတယ်။ဒါပေမဲ့ အခုထိ စိတ်ကြိုက် ရလဒ်တွေကို မဖော်ဆောင်နိုင်သေးတာတော့ မန်ယူပရိတ်သတ်တွေကိုယ်တိုင် လက်ခံရမှာပါ။

မန်ယူအိမ်ကွင်း(Old Trafford) ဟာ ဖာဂူဆန်လက်ထက်ကတော့ ပြိုင်ဘက်တွေအတွက် သားရဲတွင်းလို့ တင်စားခံခဲ့ရပေမဲ့ မိုရက် လက်ထက်မှာ အရှိန်အဝါ ကျသွားခဲ့ပါတယ်။ဒါ့အပြင် ရာသီအစအိမ်ကွင်းမှာ ဆွမ်းဆီးကို ရှုံးနိမ့်ခဲ့တာက မန်ယူအိမ်ကွင်းဆိုတာ ပြိုင်ဘက်တွေအတွက် ထိတ်လန့်စရာ နေရာတစ်ခုဆိုတာကနေ အမြင်တွေ ပြောင်းလဲ စေခဲ့ပါတယ်။

ချဲဆီးအသင်းက ရှစ်ပွဲကစား ခုနှစ်ပွဲနိုင်ရလဒ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပေမဲ့ မန်ယူကတော့ သုံးပွဲသာ အနိုင်ရခဲ့သေးတာပါ။ဒါပေမဲ့ အနိုင်ရခဲ့တဲ့ သုံးပွဲစလုံးက အိမ်ကွင်းပွဲစဉ်တွေ ပဲ ဖြစ်နေခဲ့တာဟာ ပရိတ်သတ်တွေ အတွက်တော့ ပျော်ရွင်ဖွယ်ရာ ရလဒ်တစ်ခုပါ။
ချဲဆီးက ချန်ပီယံလိဂ် ပွဲ ကန်ရလို့ ပွဲပန်းနေမှာကလည်း မန်ယူအတွက် အားသာချက်တစ်ခုပါ။

ပြိုင်ပွဲအရပ်ရပ်မှာ ၃၃ ဂိုးထိ သွင်းယူထားနိုင်ခဲ့တဲ့ ချဲဆီးရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ ဖီးဂျုန်း တို့ အုပ်စု ရုန်းကန်ရပါလိမ့်မယ်။ရိုဂျို၊ ဘလက်ကက် ၊လုဇ်ရှောတို့ ဒဏ်ရာ ကင်းစင်နေပြီး ဖီးဂျုန်း၊ စမောလင်းတို့ကိုပါ စိတ်ကြိုက်ရွေးချယ်ခွင့်ရမယ့် အနေအထားက ဗန်ဟားအကြိုက်ဖြစ်ပါလိမ့်မယ်။ 


ဟာရဲရား ဒဏ်ရာရရှိထားတာဟာ မန်ယူအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ပြီး မာတာ ဦးဆောင်တဲ့ ကွင်းလယ်က ဖာဘရီဂတ် ၊ဟာဇက်တိုရဲ့ ကွင်းလယ်စိုးမိုးမှု မခံရအောင် အပြင်းအထန် ကြိုးစားရမှာပါ။ဒီမာရီယာသာ မပါဝင်နိုင်ခဲ့ရင် ဘယ်သူ့ကို အစားထိုးမလဲ ဆိုတာတော့ အခုထိ အဖြေမရှိသေးပါဘူး။

ဒါပေမဲ့လည်း အတွေ့အကြုံရင့် ထိပ်တန်းဂိုးသွင်းရှင်တွေ ဖြစ်တဲ့ ဖယ်ကာအို နဲ့ ဗန်ပါစီတို့ရဲ့ ပူးပေါင်းတိုက်စစ်ဆင်မှုကို မိနစ်ကိုးဆယ်လုံး ဟန့်တားဖို့ ချဲဆီးအနေနဲ့ကတော့ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ဗလင်စီယာနေရာမှာ အန်ဒါဆန် ဒါမှမဟုတ် ဖလက်ချာ ပါဝင်လာပါမယ်။ဂျာနူဇက်ရဲ့ တောင်ပံတစ်လျှောက် တိုက်စစ်ဆင်မှုက ချဲဆီးနောက်တန်းတွေကို အလုပ်ရှုပ်စေမှာပါ။

ဒါပေမဲ့ မန်ယူသာ ဦးဆောင်ဂိုးပေးခဲ့ရရင် မော်ရင်ဟိုရဲ့ ခံစစ်နည်းဗျုဟာကြောင့် အိမ်ရှင်တို့ အခက်တွေ့နိုင်ပါမယ်။မော်ရင်ဟိုရဲ့ အပြာရောင် တပ်သားတွေကတော့ အဝေးကွင်းမှာ အနိုင်ရဖို့ထက် အမှတ်ခွဲယူဖို့ ကြိုးစားကြပါလိမ့်မယ်။နည်းပြနှစ်ဦးစလုံး ပရိယာယ် ကြွယ်ဝတဲ့ နည်းပြတွေ ဖြစ်ကြပေမဲ့ မော်ရင်ဟိုရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေက ဗန်ဟားကို ဒုက္ခကောင်းကောင်းပေးပါလိမ့်မယ်။တစ်ယောက်အကြောင်း တစ်ယောက် နောကြေအောင် သိကြတဲ့ နည်းပြတွေ ဖြစ်နေတာက ပိုစိတ်ဝင်စားစရာပါ။

ချဲဆီးကတော့ ထုံးတမ်းစဉ်လာအတိုင်းပဲ တန်ပြန်တိုက်စစ်ကို အားပြုကစားလာမှာ ဖြစ်ပြီး ဟာဇက် ရဲ့ လျှင်မြန်တဲ့ ထိုးဖောက်မှု ဖာဘရီဂတ်ရဲ့ တိကျတဲ့ ဖန်တီးပေးမှုတွေနဲ့ အဆုံးသတ်သေချာတဲ့ ချဲဆီးရဲ့ တိုက်စစ်မှုးတွေကို မန်ယူနောက်တန်း ဘယ်လိုထိန်းချုပ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ 


အိမ်ကွင်းပရိတ်သတ်ရှေ့မှာ အကောင်းဆုံးကြိုးစားပြလာမယ့် မန်ယူနဲ့ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားမယ့် ချဲဆီးတို့ရဲ့ အားပြိုင်မှုက ပရိတ်သတ် စိတ်ကြိုက်ပွဲတစ်ပွဲ ဖြစ်စေမှာပါ။ အပြန်အလှန် တိုက်စစ်ဆင်မှုထက် အပြင်းအထန် ကြိုးစားမယ့် မန်ယူနဲ့ အခွင့်ကောင်းကို စောင့်အသုံးချမယ့် ချဲဆီးတို့ရဲ့ ပုံစံကို ပိုမြင်တွေ့ရဖွယ်ရှိနေပါတယ်။မန်ယူက ဂိုးများများသွင်းဖို့ ဦးတည်ကစားပြီး ချဲဆီးကတော့ ဂိုးမပေးရဖို့ ရည်ရွယ်ကစားပါလိမ့်မယ်။

အိမ်ကွင်းဖြစ်ပေမဲ့ လက်ရှိခြေစွမ်းအကောင်းဆုံးမှာ ရှိနေတဲ့ ချဲဆီးတို့ရဲ့ ခြေစွမ်းတို့ကြောင့် မန်ယူအနေနဲ့ သရေထက် ပိုမျှော်မှန်းဖို့ ခက်ပါလိမ့်မယ်။သွင်းဂိုးအရေအတွက် ဆုံးဖြတ်ဖို့ ခက်ပေမဲ့ ဂိုးကွာခြားချက် နည်းပါလိမ့်မယ်။

ကွင်းလယ် ဒိုင်လူကြီးကတော့ ဖီးလ်ဒေါင်း(Phill Dowd) ဖြစ်ပြီး အကူဒိုင်တွေကတော့ ဘက်စ်ဝစ်ခ်( Beswick) နဲ့ 

ကန်းဖော့ ( D cann fourth) တို့ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ နှစ်သင်းစလုံးရဲ့ လက်ရှိအနေအထားကို သေသေချာချာလေ့လာပြီး အနီးစပ်ဆုံး သုံးသပ်တင်ပြပေး

ထားတာဖြစ်လို့ အသင်းစွဲမပါတဲ့ အမြင်မျိုးနဲ့သာ မိမိအမြင်ကို ပြန်လည်ထုတ်ဖော်ရေးသားကြပါလို့ တောင်းဆိုချင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ Super Sunday ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲကို အတူတူခံစားကြည့်ရှုကြရအောင်ပါ။
မန်ယူနဲ့ ချဲဆီးတို့ရဲ့ ခန့်မှန်းလူစာရင်းကိုပါ ထည့်သွင်းပေးထားပါတယ်။

Football Café , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment