Pages

Wednesday, August 6, 2014

အင်တာနေရှင်နယ်ချန်ပီယံများဖလားတွင် လီဗာပူးလ်ကိုအနိုင်ယူပြီး မန်ယူဗိုလ်စွဲ


RangonNewsDaily:: August . 6 .2014
အမေရိကန်နိုင်ငံတွင် ဖိတ်ခေါ်ခြေစမ်းပြိုင်ပွဲအဖြစ်ပြုလုပ်သော အင်တာနေရှင်နယ် ချန်ပီယံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန်ယူ အသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

မန်ယူအသင်းသည်နည်းပြသစ် ဗန်ဟားပထမဆုံးအဖြစ်ကိုင်တွယ်သည့် ခြေစမ်းခရီးစဉ်အတွင်း ၅ ပွဲဆက်ရှုံးပွဲမရှိရလဒ်ထွက်ပေါ် အောင် ကစားနိုင် ခြင်းလည်းဖြစ်သည်။ မန်ယူအသင်းအနိုင်ရသည့် အသင်းများတွင် ရီးယဲလ်မက်ဒရစ်၊ ရိုးမားနှင့် အင်တာမီလန်ကဲ့သို့သော အသင်းများ ပါဝင်သည်။

ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းသည် ပွဲချိန် ၁၄ မိနစ်ကတည်းက သွင်းယူသော ဂျရတ်၏ ပင်နယ်တီဂိုးဖြင့် ပွဲချိန် သုံးပုံနှစ်ပုံခန့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ၀ိန်းရွန်နီနှင့် မာတာတို့ သုံးမိနစ်အတွင်းသွင်းယူသော ဂိုးများကြောင့် ပွဲအဖြေပြောင်းလဲသွားရပြီး လူစားဝင်ကစားသမား ဂျက်စီလင်ဂတ်က အနိုင်သေချာစေမည့် တတိယဂိုးသွင်းယူပေးခဲ့သည်။ 

မန်ယူအတွက်ဂိုးများကို ပွဲချိန် ၅၅ မိနစ်တွင် ဟာနန်ဒက်ဇ်၏ဖြတ်တင်ပေးပို့ရာမှတစ်ဆင့် ရွန်နီက ပိတ်သွင်းယူခဲ့ပြီး ပွဲချိန် ၅၇ မိနစ်တွင် မာတာက လီဗာပူးလ်ဧရိယာထိပ်မှ ကန်သွင်းယူခဲ့ ကာ ပွဲချိန် ၈၈ မိနစ်တွင် လင်ဂတ်က လီဗာပူးလ်နောက်ခံလူနှစ်ဦးတားဆီးနေသည့်ကြားမှ အပြင်းကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

မန်ယူနည်းပြဗန်ဟားလက်ရှိအသုံးပြုနေသော ၃-၄-၁-၂ ကစားကွက်မှာ လီဗာပူးလ်နှင့်ပွဲတွင် အားနည်းချက်များလည်းရှိခဲ့ပြီး လီဗာပူးလ်ကစားသမား စတာလင်းကို ကြိုးစားထိန်းချုပ်ခဲ့ရသည်။ ပွဲအစပိုင်းတွင် စတာလင်းကို ဖီးလ်ဂျုံးစ်မမီမကန်းဖြင့် တားဆီးရာမှ ပင်နယ်တီပေးလိုက်ရပြီး ဂျရတ်က အမှားအယွင်းမရှိကန်သွင်းယူသွားခြင်းဖြစ်သည်။ 


ပွဲချိန် ၃၄ မိနစ်တွင်လည်း ဖီးလ်ဂျုံးစ်၏ အမှားမှတစ်ဆင့် လမ်းဘတ်ဘောလုံးရသွားစဉ် ဟာရီရာဖျက်ထုတ်ပုံကြမ်းခဲ့သော်လည်း ဒိုင်လူကြီးက ပင်နယ်တီပေးရန် ပျက်ကွက်ခဲ့သောကြောင့် မန်ယူ အသင်း သက်သာရာရခဲ့သည်။ ပထမပိုင်းတွင်နှစ်သင်းစလုံးဂိုးရနိုင်မည့် အခွင့်အရေးများရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိသော ကြောင့် ဂိုးထပ်မရခြင်းဖြစ်သည်။ 

ဒုတိယပိုင်းတွင်မူ မန်ယူအသင်းက သုံးမိနစ်အတွင်းသွင်းယူသောဂိုးများကြောင့် ပွဲအဖြေပြောင်းလဲသွားခြင်း ဖြစ်ကာ လီဗာပူးလ်ကို ခြေစွမ်းအသာဖြင့်ကစားသွားနိုင်ခဲ့ပြီး ပွဲအပြီးတွင် ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းတွင် ပွဲထွက်ကစား သမားများအဖြစ် ဒီဂီယာ၊ အီဗန်စ်၊ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ဗလင်စီယာ၊ ဟာရီရာ၊ ဖလက်ချာ၊ ယန်း၊ မာတာ၊ ရွန်နီနှင့် ဟာနန်ဒက်ဇ်တို့ ပါဝင်ခဲ့ ကာ လီဗာပူးလ်တွင် မစ်ဂနိုလက်၊ ကယ်လီ၊ ဂျွန်ဆင်၊ စကာတယ်လ်၊ ဆာခို၊ ဂျရတ်၊ အလန်၊ ဟန်ဒါဆင်၊ ကော်တင်ဟို၊ လမ်းဘတ်နှင့် စတာလင်းတို့ ၀င်ရောက် ကစားခဲ့ကြသည်။

  ဒေးလီးမေးလ် ,Mizzima Sport News , KOLATT(PBDN)
RangonNewsDaily

 

0 comments:

Post a Comment