Pages

Thursday, August 7, 2014

ယူနတီဂျာနယ်အမှု ပြည်ထောင်စုအဆင့်ထိ အယူခံဝင်မည်ဟုဆို

RangonNewsDaily:: August . 7 .2014
ဖမ်းဆီး ထောင်ချခံ ရသော ယူနတီဂျာနယ်မှ သတင်းထောက်များသည် သြဂုတ်လ(၂၈) ရက်တွင် မကွေးမြို့၌ တိုင်းဒေသကြီးအဆင့် အယူခံ ၀င်ရန်ရှိကြောင်း ယူနတီဂျာနယ်၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၏ တူဖြစ်သူ ဦးအောင်ဝင်းထွန်းက ယမန်နေ့က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း တွင်ပြုလုပ်သောလစဉ် ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ပြောသည်။

အယူခံဝင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီးပြီ။ တိုင်းအဆင့်ပြီးသွားလို့ရှိရင် ပြည်ထောင်စုအဆင့် အထိ အယူခံဝင်ဖို့ရှိတယ်ဟု ၎င်းက ပြောသည်။ ၎င်းတို့ ငါးယောက်ကို တိုက်ခန်းသီးသန့်တွင် ထားပေးကြောင်း၊ လိုအပ်သည့် အချိန်များတွင် ကျန်းမာရေးအတွက် ဆေးစစ်ရကြောင်း သတင်းထောက် ကိုရာဇ ဦး၏ မိခင်ဒေါ်ခင်မာကြူ ကပြောသည်။ တနင်္ဂနွေနေ့မှ တစ်ပါး အခြားနေ့များတွင် လွတ်လပ်စွာ တွေ့ဆုံနိုင်ကြောင်း ၎င်းက ဆက်လက် ပြော သည်။

သြဂုတ်လ (၂)ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် နိုင်ငံတော်သမ်္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမားများ နစ်နာမှု မရှိစေရန် ဥပဒေကြောင်းအရ မျှတစွာဆောင်ရွက်ပေး သွားမည် ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ထောင်ဒဏ်ကို အနည်း ဆုံး သုံးပုံနှစ်ပုံလောက်ထိ လျှော့မှ မီဒီယာလောကဘက်ကလည်း လက်ခံနိုင်မယ်။ ဒါကို သူတို့ဘက်ကလည်း နားလည်နိုင်မယ်လို့ ယူဆတယ်။ ဒါပေမဲ့ သူတို့ ကိစ္စဆိုတော့ ဘယ်လောက်လျှော့မယ်ဆိုတာ မှန်းဆလို့မရဘူး ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က The Messenger Media သို့ပြောသည်။

ယင်းကဲ့သို့ သုံးပုံနှစ်ပုံ လျှော့ချမည်ဆိုလျှင်လည်း သတင်းထောက်တစ်ယောက်လျှင် ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်ရာ များလွန်းသည်ဟု ယူဆကြောင်း၊ ၎င်းထက်လျော့ နည်းနိုင်လျှင် အကောင်းဆုံးဖြစ်ကြောင်း၊ သြ ဂုတ်လ(၂၈) နောက်ပိုင်းတွင် အမှုသည်တစ်မျိုး ပြန်ပြောင်းသွား နိုင်ကြောင်း ယူနတီဂျာနယ်သတင်းထောက်များအတွက် အမှုလိုက်ပေးသူ ရှေ့နေဦးရောဘတ်ဆန်းအောင် က The Messenger Media သို့ပြောသည်။

ယူနတီဂျာနယ်မှ သတင်းထောက်ငါးဦးတို့၏ မိသားစုများထံ သြဂုတ်လအတွက် ကျပ်တစ်သိန်းခွဲစီ ထောက်ပံ့ငွေပေးအပ် လှူဒါန်းခဲ့ပြီး ဇွန်လတွင် ကျပ်ငါးသောင်းနှင့် ဇူလိုင်တွင် ကျပ်နှစ်သိန်းစီ လှူဒါန်းပြီး ဖြစ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက် အထွေထွေ အတွင်းရေးမှူး (၁) ဦးသန်းဌေးက ဆိုသည်။

Messenger News , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment