Pages

Thursday, August 7, 2014

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲသတ်မှတ်

RangonNewsDaily:: August . 7 .2014
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၁၉/၂၀၁၄ ဖြင့် ထုတ်ပြန်ခဲ့သည်။

“လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်” ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် အမိန့်အမှတ် ၆/၂၀၁၄ ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်” အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ထားသည့် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဇွန် ၁၀ ရက်က ပြုလုပ်ခဲ့သည့် ၀န်ကြီးများနှင့် ဒုဝန်ကြီးများအား လမ်းညွန်မှာကြားသည့် မိန့်ခွန်းတွင် တိုက်တွန်းပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

“ပြင်ဆင်တဲ့ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်တယ်။ ပြင်ဆင်တဲ့အချက်က လာဘ်ပေးလာဘ်ယူမှု စာသားနေရာကို အဂတိလိုက်စားမှု စာသားအဖြစ် ပြောင်းလိုက်တာဖြစ်တယ်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး စာသားနေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတဲ့ စကားကို အစားထိုးတာ။ အဓိက,က အဲဒါပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ကာ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ဒုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် သမ္မတဦးသိန်းစိန် အတည်ပြု ကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၌ လူထုမသိသော ပြည်သူ့ဝန်ထမ်းဟောင်းများနှင့် စစ်မှုထမ်းဟောင်း အများစုပါဝင်ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးမြ၀င်း (စစ်မှုထမ်းဟောင်း အငြိမ်းစား)၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား) တို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိကာ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းအရသိရပြီး နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် ၁၅၇ အဆင့်တွင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော်ရှိ MICC ၌ပြုလုပ်ခဲ့သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင်ပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားသည်။

လက်ရှိအစိုးရလက်ထက်တွင် အစိုးရကို လူထုက အဝေဖန်ဆုံးမှာ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းခြင်းမှာ အားနည်းလျက်ရှိကြောင်း ဝေဖန်မှုများရှိနေသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment