Pages

Sunday, July 27, 2014

NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး စတင်


RangonNewsDaily:: July . 26 .2014
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ပထမနေ့ကို ဇူလိုင် ၂၅ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ စတင်ကျင်းပရာ NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း တစ်ရာကျော် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် အခန်းလိုက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text ဒုတိယ (မူကြမ်း)ကို အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် NCCT တို့ ညှိနှိုင်းရေးဆွဲထားခြင်းဖြစ်ပြီး မူကြမ်းအချောသပ်နိုင်ရေး ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်သည်။

အခမ်းအနား သဘာပတိအဖြစ် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား၊ အရန်သဘာပတိများအဖြစ် ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့် CNF ဥက္ကဋ္ဌ ဒေါက်တာဇာလှယ်ထန်းက ဆောင်ရွက်ခဲ့ပြီး ညီလာခံကို ၁၆ ဦးပါ ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင် ၂၄ ရက်က ဖွဲ့စည်းခဲ့သည့် ဦးဆောင်ကော်မတီကို NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် စသည့် ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲစည်းခဲ့ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌအဖြစ် KIO မှ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂမ်ရှောင်၊ အတွင်းရေးမှူးအဖြစ် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်တို့ တာဝန်ယူခဲ့ကြသည်။

ဦးဆောင်ကော်မတီ အဖွဲ့ဝင်များအဖြစ် NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ANC ဗဟိုကောင်စီဝင် ဦးထွန်းဝင်း၊ CNF အထွေထွေအတွင်းရေးမှူး ပူးဇင်ကျုံး၊ SSPP အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်း၊ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်တာအိုက်ဘုန်း၊ WNO ဒုတိယဥက္က၏ တာ့မဟာ၊ LDU ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးဆော်လမွန်၊ MNDAA အထွေထွေအတွင်းရေးမှူး ဦးထွန်းလွင်၊ AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ KNU/KNLA(PC) မှ ဗိုလ်မှူးစောကျော်ညွန့်နှင့် DKBA စစ်ရေးချုပ် စောမူးခို့တို့ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေး ပထမနေ့တွင် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက NCCT လုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text ဒုတိယ(မူကြမ်း)အပေါ် သုံးသပ်ချက်၊ အကြံပြုစာတမ်းအား တင်သွင်းခြင်းတို့ ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ NCCT အဖွဲ့ ဒုတိယခေါင်းဆောင်(၁) ပဒိုကွယ်ထူးဝင်း၊ ဒုတိယခေါင်းဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဆလိုင်းလျန်မှုန်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဦးရွှေမျိုးသန့် စသည့် NCCT ကိုယ်စားလှယ်အားလုံးလည်း တက်ရောက်ခဲ့ကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text ဒုတိယ (မူကြမ်း)အပေါ် သုံးသပ်ချက်၊ အကြံပြုချက်စာတမ်းအား သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်များက အခန်းလိုက် ဆက်လက်ဆွေးနွေးခဲ့ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text ဒုတိယ (မူကြမ်း)တွင် အခန်း(၁)အခြေခံမူများ၊ အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း(၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အခန်း(၄) အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ အခန်း(၅)နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ အခန်း(၆) ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အခန်း(၇) အထွေထွေ စသည်တို့ပါဝင်သည်။

(ဇူလိုင် ၂၅ ရက်ကပြုလုပ်သော NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-အောင်ဇော်ထွန်း))

Eleven Media , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment