Pages

Sunday, June 15, 2014

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှု အတူတကွသွားရမည်ဖြစ်ကြောင်း နီပေါနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


RangonNewsDaily:: june . 15 .2014
နီပေါနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အတူတကွသွားရမည်ဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်ဟု နီပေါ တယ်လီဂရက်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က နီပေါဝန်ကြီးချုပ် Sushil Koirala နှင့် တွေ့ဆုံရာတွင် နီပေါနိုင်ငံ၏ ဒီမိုကရေစီအနေအထားသည် မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ပါက များစွာရှေ့ရောက်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“နှစ်ပေါင်းငါးဆယ်ကြာ စစ်တပ်ရဲ့ အုပ်စိုးမှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြန့်ပွားမှုကို နှောင့်နှေးသွားစေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း နီပေါလွှတ်တော်ခေါင်းဆောင် Dr. Shashank Koirala ၏ ပြောဆိုချက်အရ သိရသည်။ နီပေါဝန်ကြီးချုပ်နှင့် ဇွန် ၁၃ ရက်တွင် တွေ့ဆုံခဲ့သည့် တွေ့ဆုံပွဲသည် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။

Dr. Shashank က မီဒီယာများသို့ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ်တို့၏ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နီပေါတွင် မီဒီယာများဖွံ့ဖြိုးမှုအတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပြီး သူမနိုင်ငံမှ မီဒီယာများ၏အခြေအနေအတွက်မူ ဝမ်းနည်းမိကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီမိုကရေစီကို အစားထိုးလို့မရပါဘူး။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ အတူတကွသွားရမှာပါ။ အဲဒီနှစ်ခုဟာ အပြန်အလှန်အကျိုးပြုနေတဲ့ အရာတွေပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နီပေါတွင် ရှိနေစဉ်အချိန်၌ ခတ္တမန္ဒူအခြေစိုက် တိဘက်ထောက်ခံသူ ခေါင်းဆောင်များနှင့်တွေ့ဆုံဖြစ် မဖြစ်ဆိုသည်မှာ မသိရသေးပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ၌ ချက်နိုင်ငံ ပရက်ဂ်မြို့၌ တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ဖူးပြီး ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် တရုတ်နိုင်ငံကို ဒေါသထွက်စေခဲ့သည်။

ဇွန် ၁၃ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါနိုင်ငံ ၀န်ကြီးချုပ် Sushil Koirala တို့ တွေ့ဆုံစဉ် (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါသမ္မတ Ram Baran Yadav တို့ နီပေါနိုင်ငံရှိ သမ္မတရုံးခန်းတွင် ဇွန် ၁၄ ရက်က တွေ့ဆုံစဉ် (Photo:AFP)

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment