Pages

Sunday, June 15, 2014

ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှုမရှိဘဲ လူဝတ်လဲ ဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ပီနန်ဆရာတော်ကြီး မိန့်ကြား

RangonNewsDaily:: june . 15 .2014
ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှုမရှိဘဲ လူဝတ်လဲဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ဇွန် ၁၄ ရက်တွင် The Daily Eleven သတင်းစာအား ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
ပီနန်ဆရာတော်ကြီးက မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး တိုင်းသံဃာ့မဟာနာယကအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ဖြေရှင်းသွားမည်ဟုလည်း ဆက်လက်မိန့်ကြားသည်။

“ တိုင်းသံဃ့ာနာယကအဖွဲ့က အာဏာရှိတဲ့သူတွေဆိုတော့လုပ်ကြပေါ့။ ဘုန်းဘုန်းက ဘာအာဏာမှမရှိတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုပဲ စောင့်ကြည့်ပြီးတော့ ဖြေရှင်းမယ်။ မြန်မာနိုင်ငံကိုလည်း ဒီပြသနာတွေ ဖြေရှင်းဖို့အတွက် ပြန်ကြွလာမှာပါ။ဘယ်နေ့ပြန်ကြွမလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး။ မနက်ဖြန်လည်း ဖြစ်ရင်ဖြစ်မယ်၊ ဘယ်နေ့ဆိုတာပြောဖို့ခက်တယ်” ဟုဆရာတော်ဦးပညာဝံသ(ပီနန်ဆရာတော်)က မိန့်ကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံ သံဃာတော်များမှာ ဦးဥတ္တရ(အင်္ဂလန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးပညာဝရ (လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ရခိုင်ဆရာတော်တစ်ပါး (ဘွဲ့အမည်မသိရသေး) တို့ဖြစ်ကြပြီး ဆရာတော်ငါးပါးစလုံး မှာ အာဂန္တုအနေဖြင့် လာရောက်သီတင်းသုံးသည့် သံဃာတော်များသာဖြစ်ကြောင်း ပီနန်ဆရာတော်က မိန့်ကြားသည်။

သံဃာ့မဟာနာယကအဖွဲ့မှ ယခုကဲ့သို့ ပီနန်ဆရာတော်ကြီး၏ တပည့်ရင်းဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ခြင်းနှင့်ပတ်သက်၍ ပီနန်ဆရာတော်က မိန့်ကြားရာတွင် “သံဃာ့ဝိနိစ္စရုံးက ဒီအမှုကို လူဝတ်လဲသင့်သလား၊ မလဲသင့်လားဆိုတာကို စိစစ်ရမယ်။ အခုလို မစိစစ်ဘဲလုပ်လိုက်တာက တရားတော်ဝိနည်းတော်၊ သံဃာ့တော်ဥပဒေတွေနဲ့လည်း ဆန့်ကျင်တယ်။ အခုလိုလုပ်ရပ်က ပြည်တွင်း ပြည်ပဗုဒ္မဘာသာဝင်တွေအတွက် နှလုံးမသာမယာ ဖြစ်ခဲ့ရတယ်။ ပြီးတော့ သူတို့ရဲ့ အမိန့်က သံဃာငါးသိန်းကို ကိုယ်စားပြုတဲ့ (၄၇) ပါးရဲ့ အမိန့်ဆိုတော့ ၄၇ပါးသော သံဃာများရဲ့ သဘောထား တကယ် ဟုတ်၊ မဟုတ်ဆိုတာကိုလည်း တပည့်တော်အနေနဲ့ လျှောက်ထားလိုပါတယ် ဘုရား”ဟု မိန့်ကြားခဲ့သည်။

မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်းဦးဥတ္တရ(အင်္ဂလန်ဆရာတော်) အပါအ၀င် သံဃာတော်ငါးပါးကို တိုင်းသံဃာ့နာယကအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀။၉၀၊ ပုဒ်မ-၂၉၅(က)ဖြင့် လူဝတ်လဲကာ တာမွေတရားရုံးတွင် တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း ဇွန် ၁၃ ရက်တွင် သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သာသနာရေးဦးစီးဌာနမှ ရှင်းလင်းပြောကြားရာတွင် အဆိုပါသံဃာတော်များမှာ ၀ိနည်းတော်နှင့် အညီ နေထိုင်ခြင်း မဟုတ်ကြောင်း၊ ကျူးကျော်နေထိုင်သည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးအကြံပေး ဦးအံ့မောင်က ပြောကြားသည်။

“လူဝတ်လဲပြီးတော့ ဖမ်းဆီးထားတဲ့ ဆရာတော်တွေက အာဂန္တုအနေနဲ့ပဲ နေကြတာပါ။ ဆရာတော် ဦးဥတ္တရ(လန်ဒန်)ဆရာတော်ကလည်း ဒီမှာအမြဲနေတာမဟုတ်ဘဲ လန်ဒန်ကို ပြန်ကြွလိုက်၊ မြန်မာပြည်ကို ပြန်လာလိုက်နဲ့ အာဂန္တုအနေနဲ့ နေတာပါ။ဦးပညာဝရ(လန်ဒန်)ကလည်း သူ့ရဲ့ဆရာတော် ပျံတော်မူလို့ မြန်မာပြည်ကို ခဏလာတာပါ။ ဦးသုန္ဒရကကျတော့ ဆရာတော်ကြီးကို ကူညီဖို့ကြွလာတာပါ။ သူကတော့ သွားလိုက်လာလိုက်ပေါ့။ ဆရာတော်ဦးနန္ဒိယက ကျတော့ ဆရာတော်ကို ပြုစုဖို့ခေါ်ထားတာပါ။ တစ်လလောက်ပဲ ရှိပါသေးတယ်။နောက်တစ်ပါးကကျတော့ရခိုင်ကိုယ်တော်တစ်ပါးကလည်း ခဏကြွလာတဲ့ ဆရာတော်ပါပဲ။ အကုန်လုံးကတော့ အာဂန္တုအနေနဲ့ လာကြတာပါပဲ။ ဆရာတော် ခရီးကြွနေတုန်း ဆရာတော်ကြီးရဲ့ တာဝန်ပေးချက်အရ ၀ိုင်းကူစောင့်ရှောက်ပေးတာပါ”ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိသီတင်းသုံးနေသည့် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

ပီနန်ဆရာတော် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မည်ဆိုပါက ပြန်လည်ကြွရောက်နိုင်ပြီး ဗီဇာပိတ်ထားခြင်းမရှိကြောင်း သာသနာရေးဦးစီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ပီနန်ဆရာတော်ကြီးမှာ ဂျပန်နိုင်ငံသို့ သာသနာပြုရန် သွားရောက်နေစဉ် အတွင်းတွင် ယခုကဲ့သို့ အင်အားသုံးကာ ဖြေရှင်းခဲ့သည့်အတွက် အများပြည်သူအကြားတွင် မေးခွန်းထုတ်စရာဖြစ်နေပြီး ယင်းလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ မဟာသန္တိသုခကျောင်းတိုက်ကို ညအချိန်တွင် အင်အားသုံး ၀င်ရောက်စီးနင်း၍ ချိပ်ပိတ်ခဲ့ပြီး အင်္ဂလန်ဆရာတော်အပါအ၀င် သံဃာငါးပါးကို ခေါ်ဆောင်၍ လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့မှုကို အဓိကညွှန်ကြားသူဟု သတင်းထွက်ပေါ်လျက်ရှိသော တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလသည် သင်္ဃန်းကျွန်း Junction ဇ၀န အနီး မူလဆယ်တောင်ပြည့်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရသည်။ 

“ညီတော်၊ နောင်တော်တွေက သတ္တိရှိရှိနဲ့ သမိုင်းကြောင်းရေးပါ။ နိုင်ငံတော် သံဃမဟာနာယကပိုင်တဲ့ကျောင်းကို မကာကွယ်ရင် ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ အရှင်ဘုရားတို့ ကိုယ်ကျရာတာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ သတ္တိရှိရှိနဲ့လုပ်ဖို့ အထူးမှာချင်ပါတယ်။ ကမ္ဘာကစိတ်ဝင်စားတဲ့ သန္တိသုခကို ဒီနေ့မှတ်တမ်းတင်မှာပဲ”ဟု အဆိုပါ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလက ထပ်မံတိုက်တွန်းကြောင်း The Voice Weekly က သီးသန့်ရရှိထားသော အသံဖိုင်အရသိရသည် ဟူ၍ ဇွန် ၁၆-၂၂၊ ၂၀၁၄ ရက်စွဲပါ The Voice Weekly ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ 

ထို့အပြင် “ပါလာတဲ့ကားတွေ အပြင်(တိုင်းရုံး)မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည်သဘောမျိုးနဲ့ ၀င်မယ်။ သတ္တိရှိရှိနဲ့ သတိထားဆောင်ရွက်ပါ။ အဲဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြ၀တီ၊ ကော့သောင်းဘက်က အလင်းဝင်တဲ့ကောင်တွေကို ၀တ်ပေးထားတယ်လို့ ကြားတယ်”ဟု ရှေ့တန်းထွက်မည့် တပ်သားများကို စစ်ဆင်ရေးအသေးစိတ်အား အထပ်ထပ်ရှင်းလင်းမှာကြားနေသည့်အလား တိုင်းဥက္ကဋ္ဌဆရာတော်က မိန့်ကြားနေသည်ဟူ၍လည်း The Voice Weekly ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

Eleven Media , kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment