Pages

Saturday, April 12, 2014

DVB သတင်းထောက် ကိုဇော်ဖေ (ခ) သူရသက်တင် မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)က ကြေညာချက်ထုတ်ပြန်ကန့်ကွက်

RangonNewsDaily: April . 12 .2014
DVB သတင်းထောက် ကိုဇော်ဖေ (ခ) သူရသက်တင် မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) က သောကြာနေ့တွင် ၎င်းတို့၏ တရားဝင် အင်တာနက် စာမျက်နှာပေါ်၌ ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။"DVB သတင်းထောက် ကိုဇော်ဖေ(ခ) သူရသက်တင်အား ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ဧပြီ ၇ ရက်တွင် မကွေးတရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ် လိုက်ခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့အနေဖြင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ် ရပါသည်" ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
DVB သတင်းထောက် ကိုဇော်ဖေသည် ၂၀၁၂ခုနှစ် သြဂုတ်လအတွင်းက ကျောင်းသား မိဘတစ်ဦးနှင့်အတူ ဂျပန်နိုင်ငံအကူအညီဖြင့် ပေးအပ်သည့် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်နှင့် ပတ်သက်၍ ပညာရေး အရာရှိတစ်ဦးအား တွေ့ဆုံမေးမြန်း နိုင်ရန်အတွက် မကွေးခရိုင် ပညာရေးရုံးသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါအရာရှိက ကိုဇော်ဖေနှင့် ကျောင်းသားမိဘအား ၀တ္တရားနှောင့်ယှက်မှု၊ ပိုင်နက်ကျူးလွန် မှုများနှင့် တရားစွဲဆိုခဲ့ပြီး ယခုအခါ ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ နှစ်ဦးသည် ထောင်ဒဏ်တစ်နှစ်စီ အပြစ်ပေးခံခဲ့ရသည်။

ထိုကဲ့သို့ မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် DVB သတင်းစာက စီရင်ချက်အား ပြင်းထန်စွာဝေဖန်ခဲ့ပြီး ကိုဇော်ဖေသည် ဂျာနယ်လစ်တစ်ဦး အနေဖြင့် အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာ တစ်ခုကို စုံစမ်းခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ကိုဇော်ဖေဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေဦးသိန်းထွန်းက ဖြစ်စဉ်နှင့် အမိန့်ချမှတ်မှုတွင် အချိန်ကြာမြင့် နေရခြင်းသည် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဒေသဆိုင်ရာ အာဏာပိုင်များက ၀င်ရောက်စွက်ဖက် နေခြင်းကြောင့်ဖြစ်ပြီး ကိုဇော်ဖေနှင့် ကိုဝင်းမြင့်လှိုင်တို့ နှစ်ဦးအား နမူနာပြအနေဖြင့် သင်ခန်းစာပေးလိုသည့် သဘောဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့သို့ ပြောဆိုခဲ့သည်ဟု သိရသည်။

"ဒီအရေးယူ အပြစ်ပေးမှုကြောင့် လွတ်လပ်စွာ သတင်းစီးဆင်းမှုအပေါ်ကို ထိပါးတာ တစ်ခုတည်းကိုပဲ ကျွန်တော်တို့ စိုးရိမ်နေတာ မဟုတ်ပါဘူး။ ဒီအရေးယူမှုက ဖော်ပြလိုက်တဲ့ မြန်မာနိုင်ငံတွင်းမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုပါ စိုးရိမ်မိပါတယ်" ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ အာရှ-ပစိဖိတ် အကြီးအကဲ ဘန်ဂျမင်အစ္စမေးလ်က ပြောဆိုခဲ့သည်။

"ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ သတင်းထောက် တစ်ယောက်ရဲ့ အလုပ်ကို တားဆီးပိုင်ခွင့်ရှိနေပြီး သူတို့ကို နှောင့်ယှက်တယ်လို့ ထင်မြင်ယူဆတာလေး တစ်ခုနဲ့ သတင်းထောက်တစ်ယောက်ကို ထောင်ချတယ်ဆိုတာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ 


အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ ကိုဇော်ဖေကို လွှတ်ပေးဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ ပြီးတော့ အစိုးရ အနေနဲ့လည်း ရန်ကုန်နဲ့ အခြားနေရာတွေရယ်လို့ ကွဲမနေစေဘဲ နေရာတိုင်းမှာ တန်းတူညီမျှ သတင်းလွတ်လပ်ခွင့် ရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်" ဟု သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၎င်းကဆက်လက် ပြောဆိုခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် သတင်းလွတ်လပ်ခွင့် အဆင့်အတန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အတွက် မြန်မာနိုင်ငံကအဆင့် ၁၄၅ ရရှိခဲ့သည်ဟု သိရသည်။

Eleven Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment