Pages

Sunday, March 30, 2014

နယူးယောက်တွင် မြန်မာအစိုးရနှင့် ပုဂ္ဂလိက အကြီးတန်းအရာရှိ ၂၀ ကို ခေါင်းဆောင်မှု သင်တန်းပေး

RangonNewsDaily: March . 30 .2014
မြန်မာနိုင်ငံရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့နှင့် စီးပွားရေး နယ်ပယ်မှ အရာရှိ ၂၀ ဦးကို နယူးယောက်မြို့တွင် GE ကုမ္ပဏီ ယခုလဆန်းပိုင်းအတွင်း ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်း ပေးခဲ့ကြောင်း GE ၏ အာဆီယံဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Stuart Dean က ပြောကြားသည်။
အဆိုပါ သင်တန်းကို Myanmar Executive Leadership Program (MELP) ဟု အမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် GE က ဖွင့်လှစ်ထားသည့် ခေါင်းဆောင်မှုဆိုင်ရာ တက္ကသိုလ် GE Crotonville တွင် လေကြောင်းလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ စီမံခန့်ခွဲမှု နည်းဗျူဟာများ၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ လေ့လာသုံးသပ်မှုများ၊ အစိုးရမူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ (Laws and Regulations) အတွက် မရှိမဖြစ် လိုအပ်သော ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်များကို ရက်တိုသင်တန်း ပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း GE ကုမ္ပဏီထံမှ သိရှိရသည်။ 

“မြန်မာလုပ်ငန်း အမှုဆောင် ခေါင်းဆောင်သင်တန်း (MELP) ကနေ အစိုးရကဏ္ဍရော၊ ပုဂ္ဂလိကကဏ္ဍက စီးပွားရေး လုပ်ငန်းတွေပါ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ကူညီပေးနိုင်ဖို့အတွက် ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးဖို့ပါ” ဟု Stuart Dean က ဆိုသည်။

သင်တန်းကာလအတွင်း အဆိုပါသင်တန်း တက်ရောက်သူ မြန်မာအရာရှိများကို West Point ရှိ အမေရိကန်ပြည်ထောင်စု စစ်တက္ကသိုလ်၊ Niskayuna ရှိ GE ၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနစင်တာ၊ Schenectady ရှိ ရေနွေးငွေ့တာဘိုင် ထုတ်လုပ်ရေးစက်ရုံနှင့် နယူးယောက် စတော့အိတ်ချိန်း (NYSE) တွင် GE ၏ စတော့ရှယ်ရာ အရောင်းအဝယ် အခြေအနေတို့ကိုပါ လေ့လာစေခဲ့ကြောင်း သင်တန်းတက်ရောက်ခဲ့သူများ ထံမှ သိရှိရသည်။ 

“စွမ်းအင်ဝန်ကြီး ဌာနမှာရှိတဲ့ ကျွန်တော့်ရဲ့ အဖွဲ့တွေကို ပြန်လည် ဝေမျှချင်တဲ့ အကြောင်းအရာတွေကို Crotonville မှာ လေ့လာသင်ယူခွင့် ရခဲ့တယ်။ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အကြောင်းအရာ အများကြီးကို GE က ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးလေ့လာခွင့် ရခဲ့တာဟာ တကယ့်ကို အကျိုးရှိခဲ့ပါတယ်” ဟု အဆိုပါ သင်တန်းကို တက်ရောက်ခဲ့သူ စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ဆိုသည်။

GE သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် GE Foundation နှင့် Lee Kuan Yew ပြည်သူ့ရေးရာ မူဝါဒကျောင်းတို့ ပူးပေါင်း၍ အကြီးတန်း အစိုးရအရာရှိ ၄၄ ဦးအား အကြီးတန်း စီမံခန့်ခွဲမှုသင်တန်း အစီအစဉ်တစ်ခုကို နေပြည်တော်တွင် ကျင်းပခဲ့သည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment