Pages

Thursday, March 20, 2014

ဧပြီလ ၁ ရက်နေ့မှစ၍ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံမည်

RangonNewsDaily: March . 20 .2014
လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား မရရှိသေးသော်လည်း ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ လျှပ်စစ် မီတာခများ တိုးမြှင့် ကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်သည်။ယင်းဆုံးဖြတ်ချက်ကို မတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ် ၁၈ ဦးက ကန့်ကွက်ခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့သဖြင့် အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့ အကြိတ်အနယ် ညှိနှိုင်းပြီးနောက် လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေနှင့် အရှုံးပေါ်နေသည့် အတွက် တိုးမြှင့် ကောက်ခံခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးခင်မောင်စိုးက ဆိုသည်။

အိမ်သုံး လျှပ်စစ်မီတာခ များကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ ကောက်ခံနေသော တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့်သာ ဆက်လက် ကောက်ခံမည် ဖြစ်သော်လည်း ယူနစ် ၁၀၁ မှ ယူနစ် ၂၀၀ ထိ သုံးစွဲလျှင် ၄၀ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ ပေးပို့ထားသော သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ယူနစ် ၂၀၀ ကျော် သုံးစွဲသည့် အိမ်သုံးလျှပ်စစ် မီတာများကိုမှု တစ်ယူနစ်လျှင် ၅၀ ကျပ် ကောက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာအရ သိရှိရသည်။

ယခုကဲ့သို့ မီတာခများ တိုးမြှင့် ကောက်ခံလိုက်ခြင်းကြောင့် လျှပ်စစ်ဝန်ကြီး ဌာန၏ နှစ်စဉ် အရှုံးပြနေသော ကျပ် ၂၈၄ ဘီလီယံခန့်မှ ၁၂ ဘီလီယံခန့် အထိ လျော့နည်းသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

ယနေ့ အတည်ပြုချက်အရ တိုးမြှင့် ကောက်ခံမည့် နှုန်းထား အသစ်ကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ပြီး အိမ်သုံး ၁၀၀ ယူနစ်အထိ မူလနှုန်းထား ၃၅ ကျပ်နှင့် အမြင့်ဆုံး နှုန်းထားအဖြစ် စက်မှုလုပ်ငန်းသုံး ယူနစ်ငါးသောင်းမှ ယူနစ် နှစ်သိန်းအထိ ၁၅၀ ကျပ် ကောက်ခံသွားမည် ဖြစ်သည်။

ပြည်သူများ လိုအပ်သလောက်သာ သုံးစွဲကြစေရန် လျှပ်စစ်ဓာတ်အားခ တိုးမြှင့် ကောက်ခံခြင်းသည် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်က မတ်လ ၁၉ ရက်နေ့က သတင်းထောက် အချို့နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားသည်။

“ဒီနှုန်းနဲ့ ထားထားလို့ တစ်နေ့မှာ ထိန်းလို့ မရရင်၊ မတက်ဘဲ နေလို့ မရရင် ဒုက္ခရောက်တာပဲ” ဟု ဒေါက်တာဦးမြင့်က ဆိုသည်။

မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းသည် ရေအား လျှပ်စစ်မှ ထုတ်လုပ်ခြင်း ဖြစ်ပြီး လျှပ်စစ်မီတာ တစ်ယူနစ်လျှင် ၁၅ ကျပ်မျှသာ ကုန်ကျစရိတ် ရှိပြီး လက်ရှိ အိမ်သုံး တစ်ယူနစ်လှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံနေခြင်းသည် ဝန်ကြီးဌာန အနေဖြင့် မည်သို့မျှ အရှုံးပေါ်စရာ မရှိကြောင်း၊ ယင်းကဲ့သို့ အရှုံးပေါ်နေသည်ဟု ပြောဆိုနေသည့် လျှပ်စစ်ဝန်ကြီး ဌာနကို ပြန်လည် စိစစ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဝန်ကြီးဌာန အနေနှင့် အမှန်တကယ် အရှုံးပြနေလျှင်သော်မှ ယင်းသို့ အရှုံးခံကာ ပြည်သူလုထုသို့ ဝန်ဆောင်မှု ပေးခြင်းသည် ဒီမိုကရေစီ အစိုးရတစ်ရပ်၏ တာဝန်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်ဖြစ်သူ ၎င်းကဆိုသည်။

“နိုင်ငံတော်ကနေပြီးတော့ လျှစ်စစ် ဓာတ်အားကို လစဉ် အရှုံးခံပြီးတော့ ဖြန့်ဖြူးနေရပါတယ်လို့ အမြဲတမ်း ပြောနေမယ် ဆိုလို့ရှိရင် ကျွန်မတို့ အမြတ်အစွန်းကို ပြန်လည် မရရှိနိုင်တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလိုမျိုးတွေ၊ သာသနာရေး ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေ ကိုလည်း ပြန်လည် စိစစ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

အတည်ပြုလိုက်သည့် တိုးမြှင့် ကောက်ခံမည့် နှုန်းထားအရ အများပြည်သူသုံး (အိမ်သုံး) လျှစ်စစ် မီတာခမှာ များစွာ တိုးမြှင့်ခြင်း မရှိသော်လည်း အသေးစားနှင့် အလတ်စား အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များကို ယခင်ထက် နှစ်ဆခန့် ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုလာမည် ဖြစ်ပြီး ယင်းကြောင့် ပြည်သူများအတွက်လည်း ကုန်ဈေးနှုန်း ကြီးမြှင့်လာခြင်းကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့် ကောက်ခံရာတွင် ပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေး၊ အလုပ်အကိုင်နှင့် စက်ရုံအလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား မဖြစ်စေရေး၊ ပျောက်ဆုံး လျှပ်စစ်ဓာတ်အားများ အတွက် ဌာနဆိုင်ရာများ အနေနှင့် အလေးထား ဆောင်ရွက်နိုင်ရေးများ အပါအဝင် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ဒေသများကို တိုးချဲ့ ဖြန့်ဖြူးပေးနိုင်ရေးတို့ကို အခြေခံကာ လွှတ်တော်ရေးရာ ကော်မတီများနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီထံမှ သိရသည်။

ယင်းသို့ လျှပ်စစ် မီတာခ တိုးမြင့် ကောက်ခံပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန် ပြုလုပ်ပေးမည်ဟု ဆိုသော်လည်း ယခုနှစ် နွေရာသီတွင် ရန်ကုန်မြို့၊ မန္တလေးမြို့များ အပါအဝင် အခြားမြို့များတွင်လည်း လျှပ်စစ် လုံလောက်စွာ မရှိမှုနှင့် လျှပ်စစ် ပြတ်တောက်မှုများ တွေ့ကြုံ နေရသေးသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အခြေချရန် အခက်အခဲများတွင် လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုမှာ အဓိက ကျနေသေးကြောင်း နိုင်ငံတကာ ဖွံ့ဖြိုးရေးပညာရှင် အချို့က သုံးသပ်ထားကြသည်။

အစိုးရ ဈေးနှုန်းဖြင့် မရရှိသော မြို့နယ်ပေါင်း များစွာသည် လျှပ်စစ်မီတာ တစ်ယူနစ် အများဆုံး ကျပ် ၇၀၀ အထိ ကိုယ်ပိုင် အစီအစဉ်ဖြင့် ပေးဆောင်နေရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment