Pages

Thursday, March 20, 2014

ထောင် ၁၁ နှစ်ကျ တရားခံကို ဘိန်းဖြူပေးရန် ကြံစည်မှု စစ်ဆေးနေ

RangonNewsDaily: March . 20 .2014
မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသည့်အပြင် မူးယစ်ဆေးဝါးမှုဖြင့်ပင် တရားရုံးက ဆက် လက်စစ်ဆေးဆဲဖြစ်သည့် တရားခံတစ်ဦးထံသို့ ဘိန်းဖြူများထည့်ပေးရန် ကြံစည်မှုကို စစ်ဆေးတွေ့ရှိသ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟုရန်ကုန်တိုင်းရဲတပ်ဖွဲ့က မတ်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမှုမှာ မတ်လ ၁၈ ရက် ညနေ ၄ နာရီကျော်အချိန်က တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးထုတ်လာ သည့် တရားခံများအား အချုပ်ယာဉ်ပေါ်သို့တင်စဉ် ဘိန်းဖြူဟုယူဆရသည့် အမှုန့်များကို အချုပ်သား၏ ညီမက အချုပ်သားထံပေးသွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အချိန်က အနောက်ပိုင်းခရိုင် တရားရုံးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် ထောင်ဒဏ် ၁၁နှစ် ကျခံနေရပြီး တောင်ဥက္ကလာပမြို့ နယ်တရားရုံးတွင် လည်း ပြစ်မှုကြီး၊ မူးယစ်ဆေးဝါးပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့် အမှု ရင်ဆိုင်နေရသူထံ ပေးသွင်းရန်ကြံစည်ခဲ့ ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ကြံစည်လုပ်ဆောင်မှုကို အချုပ်ယာဉ်လမ်းကြောင်းကျ ရဲမေနှင့် ရဲတပ်သားတို့က တွေ့ရှိခဲ့ပြီး သိမ်းဆည်းခဲ့ သည်။ ထို့နောက် စစ်ဆေးရာ တစ်သျှူးထုပ်အတွင်း သေချာစွာ ထုပ်ပိုးထားသည့် အထုပ်ကိုးထုပ်အားတွေ့ ရှိခဲ့သည်။

အဖြူမှုန့်များ ပေးသွင်းရန် လုပ်ဆောင်သူ မတင်ဆန်းအေးအား မေးမြန်းရာတွင်လည်း တရားခံ၏ ပထမ ဇနီးဖြစ်သူ မခင်မျိုးဦး (၃၆)နှစ်ကတစ်ဆင့်ပေးခိုင်းခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ ထို့ကြောင့် ထောင် ၁၁ နှစ်ကျ တရားခံနှင့် မတင်ဆန်းအေးတို့ကို မြို့နယ်မှုခင်းမှတ်တမ်းရုံးသို့ ခေါ်ယူ၍ သက်သေများရှေ့တွင် စစ်ဆေးခဲ့သည်။

အထက်ပါ အထုပ်ကိုးထုပ်မှာ ကြွတ်ကြွတ်အိတ် အနက်အောက်တွင် တစ်ဘူးလျှင် ၀ ဒသမ ၁၇ဂရမ်ရှိ ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့်များပါဆေးဘူးများဖြစ်သည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ ဘိန်းဖြူဟု ယူဆရသည့် အဖြူမှုန့်များ တန်ဖိုးမှာလည်း ကျပ်တစ်သိန်းသုံးသောင်းခန့် အထိရှိသည်ဟု ဆိုသည်။

ထို့ကြောင့် မတင်ဆန်းအေး၊ မခင်မျိုးဦး၊ ကျော်သူရ(ခ) သိန်းဆွေတို့ သုံးဦးကို မူးယစ်(ပ)၄/၂၀၁၄ ဖြင့် အမှု ဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment