Pages

Thursday, March 27, 2014

အခြေခံဥပဒေ အခန်း (၁၂) ပြင်ဆင်ရေး မြို့ကြီး သုံးမြို့တွင် ဆန္ဒပြ


RangonNewsDaily: March . 27 .2014
ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်း၏ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် မွန်ပြည်နယ် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်သူများက ပြောကြားသည်။ 
စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အနှောင့်အယှက် ပြုနေသည့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လူအင်အား တစ်ထောင်ခန့်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆန္ဒပြခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးစိုက်ရာ ထားဝယ်မြို့တွင်လည်း ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အင်န်အယ်လ်ဒီ ပါတီဝင် ခုနစ်ရာဝန်းကျင်က ယင်းနေ့ နံနက်ပိုင်းတွင်ပင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သက်ဆိုင်ရာ ဆန္ဒပြ ခေါင်းဆောင်များထံမှ သိရသည်။ 

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ထားဝယ်မြို့တစ်ပတ် လူအင်အား တစ်ထောင်ဖြင့် မတ်လ ၂၆ ရက်နေ့တွင် ချီတက် ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခဲ့သော်လည်း အချက် သုံးချက်ဖြင့် ငြင်းပယ်ခံ ရပြီးနောက် ဆန္ဒပြမည့် လမ်းကြောင်းကို ပြောင်းလဲပြီး ထပ်မံ လျှောက်ထားမှ ဆန္ဒထုတ်ဖော်ခွင့် ရခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးရဲထွဋ်က ရှင်းပြသည်။

မော်လမြိုင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် “ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပေးရန်”၊ “ပုဒ်မ ၆ (စ) မလိုအပ်ပါ”၊ “ပုဒ်မ ၄၃၆ အမြန်ဆုံးပြင်” အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြပြီး နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

“အခြေခံဥပဒေ ပြင်ဆင်မှု မရှိဘဲနဲ့တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်လာမှာ မဟုတ်ဘူး၊ ဒီတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် အခြေခံဥပဒေ ပြင်ကို ပြင်ရပါလိမ့်မယ်” ဟု မော်လမြိုင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲ ခေါင်းဆောင် ဦးကြည်ဇော်လွင်က ဆိုသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဒေသခံလူထု အင်အား ၁၅၀၀ ကျော်က မတ်လ၂၆ ရက်နေ့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါအဖွဲ့ ဦးဆောင်သူများထံမှ သိရသည်။

နိုင်ငံသား အခွင့်အရေးကို ကန့်သတ် ချုပ်ချယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (ဃ) နှင့် (စ) အပါအဝင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဖြစ်ကြောင်း ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းဝင် ဦးသက်ကြူက ပြောကြားသည်။

မော်လမြိုင်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒပြမှုသည် မွန်ပြည်နယ်တွင် ဒုတိယအကြိမ် ဖြစ်ပြီး ပထမဆုံးအကြိမ အဖြင့် ပေါင်မြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။ 

ထားဝယ်တွင် ပြုလုပ်သည့် အခြေခံဥပဒေ ပြင်ရေး ဆန္ဒပြပွဲကို ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံး မြို့နယ်တို့မှ ပါတီဝင်များနှင့် ပြည်သူများ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ မြို့များနည်းတူ မြိတ်မြို့တွင်လည်း မတ်လ ၂၉ ရက်နေ့တွင် မြိတ်မြို့ခံ လူထုတစ်ထောင်ဖြင့် ဆန္ဒပြ ရန် ခွင့်ပြုချက် တောင်းထားကြောင်း ဆန္ဒပြရန် စီစဉ်သူများထံမှ သိရသည်။ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးနှင့် ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းဒေသ အချို့တို့တွင်လည်း စီတန်းလှည့်လည် ဆန္ဒပြနေသကဲ့သို့ပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံသည့် ဟောပြောပွဲများလည်း ကျင်းပလျက် ရှိသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment