Pages

Thursday, March 27, 2014

ယာဉ်ထိန်းရဲများကို အရေးယူပေးရန် ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်


RangonNewsDaily: March . 27 .2014
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ယာဉ်စည်းကမ်းကို အကြောင်းပြု၍ တရားဥပဒေမဲ့ CB ဘဏ်သို့ ငွေ ၅၀၀၀ ကျပ် သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို တရားဥပဒေအရ အရေးယူပေးရန်ဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
ယာဉ်စည်းကမ်း မလိုက်နာသူများကို မြို့နယ်တရားရုံးတွင် ဒဏ်ကြေးငွေ ၁၅၀၀ ကျပ်အပြင် CB ဘဏ်သို့ ငွေ ၅၀၀၀ ကျပ် ထပ်မံပေးဆောင် စေသည် မှာ ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်နှစ်ခု ပေးနေခြင်းဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ ဦးဝင်းလှိုင်က ပြောကြားသည်။

“CB ဘဏ်ကို သွင်းနေရတဲ့ စီမံကြေးဆိုတဲ့ ၅၀၀၀ ကို ပပျောက်စေချင်တယ်။ နှစ်ကြိမ်သုံးကြိမ် ကျူးလွန်ခဲ့ရင် တရားရုံးမှာ ဒီထက်ပြင်းတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ထောင်ဒဏ်ဖြစ်ဖြစ် ချပေးစေချင်တယ်။ ဒီလိုပြစ်မှုတစ်ခုကို ပြစ်ဒဏ်နှစ်ခု ပေးနေတဲ့သူတွေ ရှိနေတာကို လွှတ်တော်နဲ့အစိုးရ သိစေချင်တယ်။ အရေးယူပေးဖို့ပဲ တောင်းဆိုချင်တယ်” ဟု ၎င်းကဆိုသည်။

ယာဉ်စည်းကမ်း မလိုက်နာသူများ ပေးဆောင်နေသည့် စီမံချက် ဒဏ်ကြေးမှာ ဒေသအာဏာပိုင်များ လိုအပ်၍ ပြဋ္ဌာန်းခြင်းသာ ဖြစ်ပြီး တရားဥပဒေအရ ပေးဆောင်နေရသည့် ဒဏ်ကြေးမှာ နည်းပါးနေကာ ယခုအချိန်အထိ ဆိုင်ကယ်ဦးထုပ် မဆောင်သူများမှာ လူ ၁၀၀ တွင် ၉၉ ဦး ရှိနေဆဲ ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး အမှတ် ၁၀ ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးဝင်းနိုင်က ပြောကြားသည်။

“ဆိုင်ကယ်စီးဦးထုပ် ဆောင်းဖို့က ဘေးအန္တရာယ် ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတာ။ စီမံဒဏ်ကြေးက အစိုးရအဖွဲ့ သုံးတာလည်း မဟုတ်ဘူး။ မြို့မှာတပ်ထားတဲ့ မီးပွိုင့်တွေ၊ လမ်းညွှန် ဆိုင်းဘုတ်တွေက ဒီငွေပိုက်ဆံတွေနဲ့ လုပ်နေရတာပဲ။ ယာဉ်ထိန်းရဲ ရတာလည်း မဟုတ်ဘူး။ ပြတာတော့ သူ့အခွင့်အရေးပဲ။ ကိုယ်ကျိုး စီးပွားအတွက်သုံးတာ တစ်ခုမှမရှိဘူး” ဟု ၎င်းကဆိုသည်။

ပြည်မြို့တွင် ရုံးပိတ်ရက်များမှ လွဲ၍ မြို့လယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး အနီးတစ်ဝိုက်တွင် ယာဉ်စည်းကမ်း မလိုက်နာသူများကို ဖမ်းဆီး အရေးယူလျက် ရှိနေပြီး တစ်ရက်လျှင် အနည်းဆုံး စည်းကမ်း မလိုက်နာသူ ၄၀ ဝန်းကျင်ခန့်ကို ဖမ်းဆီး အရေးယူနေရကြောင်း ယာဉ်ထိန်းရဲများထံမှ စုံစမ်းသိရှိရသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment