Pages

Wednesday, March 12, 2014

မော်လမြိုင်နှင့် ဘီလူးကျွန်း ဆက်သွယ်မည့်တံတား ဧပြီလတွင် စတင်တည်ဆောက်မည်


RangonNewsDaily: March . 12 .2014
မွန်ပြည်နယ် ဘီလူးကျွန်း ဒေသခံများ၏ အိပ်မက်တစ်ခု ဖြစ်သည့် မော်လမြိုင်နှင့် ဘီလူးကျွန်း ဆက်သွယ်သည့် တံတားကို ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလတွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မွန်စာပေနှင့် ယဉ်ကျေးမှု၊ ကရင်စာပေနှင့် ယဉ်ကျေးမှု၊ ပအို့ဝ့်စာပေနှင့် ယဉ်ကျေးမှု၊ မွန်ပြည်နယ် ၁၀ မြို့နယ်၏ အရပ်ဘက် ကော်မတီလေးခုတို့နှင့် မတ်လ ၉ ရက်နေ့ တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဘဏ္ဍာနှစ်ထဲမှာ ဆေးရုံ ဆောက်ဖို့လည်း အစိုးရအဖွဲ့ကို တင်ပြထားတဲ့အတိုင်း ရလာမယ်၊ ဘီလူးကျွန်းမှာ မီးလည်းရလာတော့မယ်၊ တံတားကြီးလည်း ရတော့မှာပါ” ဟု ၎င်းကဆိုသည်။ 

ယင်းတံတားကို မော်လမြိုင် ကျိုက်မုပွန်ဘက်မှ ဘီလူးကျွန်း ကညှောဘက်ခြမ်းနှင့် ဆက်သွယ်မည်ဖြစ်ရာ ဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့ဝင်များ တိုင်းတာလျက် ရှိကြောင်း ဘီလူးကျွန်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မော်လမြိုင်မြို့ရှိ သံလွင်မြစ်ကူး တံတားနှင့် အတ္တရံ မြစ်ကူးတံတားတို့၏ အမြင့်ဆုံးရေ အမှတ် (Bank To Bank) သည် ၄၂ ပေရှိကြောင်း၊ ယခု ဆောက်လုပ်မည့် ဘီလူးကျွန်း တံတားသည်လည်း အမြင့်ဆုံး ရေအမှတ် ၄၂ ပေရှိမည်ဖြစ်ပြီး၊ တံတားအရှည်မှာ ၄၅၀၄ ဒသမ ၈၆ ပေရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အကျယ်အဝန်း ဧရိယာ၂၅၄ ဒသမ ၀၉၈ စတုရန်းမိုင် ကျယ်ဝန်းသည့် ဘီလူးကျွန်းတွင် လူဦးရေ ၁၆၀,၀၀၀ ကျော် နေထိုင်ပြီး ကျေးရွာအုပ်စု ၄၅ အုပ်စုနှင့် ကျေးရွာပေါင်း ၇၈ ရွာဖြင့် ဖွဲ့စည်းထားသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment