Pages

Wednesday, March 12, 2014

ပုဂ္ဂလိကဆေးရုံများ၏ လူနာမှတ်တမ်း စာရင်းကို ဆော့ဖ်ဝဲ စနစ် ပြောင်းသိမ်းမည်


RangonNewsDaily: March . 12 .2014
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံတိုင်း၏ အခြေခံ ဆေးမှတ်တမ်း သိမ်းဆည်းမှုများကို ဆော့ဖ်ဝဲစနစ် ပြောင်းလဲ မှတ်တမ်းသွင်းရန် အကောင်အထည် ဖော်မှုကို ၂၀၁၄ ခုနှစ်ဆန်းကတည်းက စတင်ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး သတင်းအချက်အလက်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သက်သက်မူက The Voice သို့ ပြောကြားသည်။
အခြေခံ ဆေးမှတ်တမ်း သိမ်းဆည်းမှု အားလုံးကို ဆော့ဖ်ဝဲစနစ် ပြောင်းလဲရန် ကနဦး အနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကချမှတ်ထားသော ရောဂါ သင်္ကေတ မှတ်သားနည်း ဆော့ဖ်ဝဲ သင်တန်းကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ပို့ချပေးနေပြီ ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆေးရုံတိုင်းတွင် အခြေခံ ဆေးမှတ်တမ်း သိမ်းဆည်းမှု ဆော့ဖ်ဝဲကို ယခုနှစ်အတွင်း စတင်နိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းမှတ်တမ်း သိမ်းဆည်းမှု စနစ်ကျပါက ပုဂ္ဂလိကဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့အကြား ဆက်သွယ်မှု ပိုမြန်ဆန် လာနိုင်သည့်အပြင် လူနာ ဆေးမှတ်တမ်း ပျောက်ဆုံးမှု များ လျော့နည်းနိုင်ကြောင်း ဒေါက်တာ သက်သက်မူက ပြောဆိုသည်။
“တချို့ဆေးရုံလောက်ပဲ စနစ်ကျတာ။ အားလုံးက ဆေးမှတ်တမ်းကို အဆင်ပြေသလို သိမ်းနေကြတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းပုဂ္ဂလိက ဆေးရုံများတွင် ဆေးမှတ်တမ်း သိမ်းဆည်းမှုကို စာရွက်စာတမ်းနှင့် ကွန်ပျူတာစနစ် ပူးတွဲ မှတ်တမ်းတင်နေပြီး ဆေးရုံသတင်း အချက်အလက်စနစ် (Hospital Information System) ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်း မရှိကြောင်း အဆိုပါ ဆေးရုံအသိုင်းအဝိုင်းထံမှ သိရသည်။

အစိုးရ ဆေးရုံများတွင် ယင်းသို့ သိမ်းဆည်းမှုကို ယခင်ကတည်းက စတင်နေပြီ ဖြစ်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
“ဒီလို ဆေးမှတ်တမ်း ကောက်တယ်ဆိုတာ နိုင်ငံရဲ့ကျန်းမာရေး စစ်တမ်းတွေ သိဖို့ကောက်တာ ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများ အသင်းတွင် ပြည်တွင်း ပုဂ္ဂလိကဆေးရုံ တစ်ရာနီးပါးရှိပြီး အဆိုပါ ဆေးမှတ်တမ်း သိမ်းဆည်းမှု အပြောင်းအလဲကို ပုဂ္ဂလိက ဆေးရုံများအသင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း စတင်ခြင်း ဖြစ်သည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment