Pages

Thursday, March 13, 2014

သန်းခေါင်စာရင်းဆိုင်ရာ အနုပညာရှင်များ၏ ပညာပေးအစီအစဉ် ညသန်းခေါင်ယံ၌ ကျင်းပ


RangonNewsDaily: March . 13 .2014
ပြည်လုံးကျွတ် သန်ခေါင်းစာရင်း ကောက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ အနုပညာရှင်များ၏ ပညာပေး ဖျော်ဖြေရေး အစီအစဉ်ကို မတ်လ ၁၁ ရက်နေ့ည သန်းခေါင်ယံ အချိန်၌ မုံရွာဟိုတယ်ရှေ့ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ကျင်းပခဲ့ကြောင်း မုံရွာမြို့ဒေသခံများက ပြောကြားသည်။
ယင်းပညာပေး အစီအစဉ်ကို မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီတွင် ဇေယျာရွှေမြေ ဘောလုံးကွင်း၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဖျော်ဖြေရေးယာဉ် နောက်ကျခဲ့သောကြောင့် ည ၁၂ နာရီ (သန်းခေါင်ယံ) အချိန်မှသာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးမှုနှင့် ဖျော်ဖြေရေး အစီအစဉ်ကို မတ်လ ၂ ရက်နေ့တွင် နေပြည်တော်က စတင်ခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်ထိ မြို့ကြီး ၄၀ တွင် ဖျော်ဖြေခဲ့ပြီး ဖြစ်ကြောင်း၊ ဖျော်ဖြေရေးယာဉ်မှာ ၁၆ ပေခန့် မြင့်သောကြောင့် လမ်းခရီးကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသောကြောင့် မုံရွာမြို့သို့ ညဦးပိုင်းမှ ရောက်ရှိပြီး သန်းယံအချိန်မှသာ ဖျော်ဖြေရေး အစီအစဉ် စတင်နိုင်ခြင်း ဖြစ်ကြောင်း ယင်းအစီအစဉ်တွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယင်းအဖွဲ့သည့် မုံရွာမြို့တွင် ဖျော်ဖြေပြီးပါက ချင်းပြည်နယ် ဟားခါးမြို့အထိ သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း၊ အဖွဲ့ခေါင်းဆောင် ဦးသူရ (ခ) ဇာဂနာမှာ ကျန်းမာရေး အခြေအနေကြောင့် မြင်းခြံမြို့မှ လှည့်ပြန်သွားပြီဖြစ်ရာ လက်ရှိတွင် ဦးရန်ပိုင်စိုး၊ ဦးဂေါ်ဇီလာ၊ ဦးငှက်ပျောကြော်၊ သီးလေးသီအဖွဲ့မှ ကြယ်သီးနှင့် တေးသံရှင် ရဲရင့်အောင်တို့ ဆက်လက်လိုက်ပါမည် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment