Pages

Saturday, February 8, 2014

မန္တလေးတွင် ညသန်းခေါင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်

RangonNewsDaily: February . 7 .2014
အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားလေ့ရှိသော မန္တလေးမြို့တော်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်က ဆိုင်ကယ်လေးစီးနှင့် လူရှစ်ဦးက ဆိုင်ကယ် စီးနင်းလာသည့် လူနှစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းရိုက်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လုယက်ခံရသူ စိန်လုံ တောင်တန်းကုမ္ပဏီ ကားမောင်းနှင်သူ ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ယင်းနေ့ ည ၁၂ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် သိပ္ပံလမ်းနှင့် ၅၈ လမ်းအနီးတွင် အဆိုပါ လူတစ်စုသည် ဆိုင်ကယ်များ ပိတ်ရပ်ကာ စကားမပြောဘဲ ရိုက်နှက် ထိုးကြိတ်ကြပြီး အိတ်ထဲတွင် ပါသော ကုမ္ပဏီငွေ တစ်သိန်းကျပ်နှင့် ကိုယ်ပိုင်ငွေ တစ်သိန်းကျပ်ခန့်ကို လုယူသွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ကျွန်တော်တို့လည်း သူတို့တွေကို မသိဘူး၊ ဘာရန်ငြိုးမှလည်း မရှိဘူး။ ကျွန်တော်တို့ နှစ်ယောက် ရုံးကနေပြန်ပြီး အောင်ပင်လယ်က အစ်ကို့အိမ် ခဏဝင်ပြီး ည ၁၂ နာရီ ဝန်းကျင်လောက်မှာ ပြန်ကြတာ။ ၅၈ လမ်းလောက်မှာမှ ကျွန်တော်တို့ ဆိုင်ကယ်ကို နောက်ကနေ သူတို့အဖွဲ့က ဆိုင်ကယ်နဲ့ ဝင်တိုက်မယ် လုပ်လို့၊ လမ်းဘေး ကပ်ပေးလိုက်တယ်။ ပြီးတော့ သူတို့တွေက အရှေ့ကနေ လမ်းပိတ်ရပ်ကြတော့ ကျွန်တော်တို့ ဆိုင်ကယ်လည်း ရပ်ပေးလိုက်ရော သူတို့တွေက ဘာမှမပြောဘဲ ကျွန်တော်တို့ နှစ်ယောက်ကို ဝင်ရိုက်တယ်။ ပြီးတော့ပါတဲ့ ပိုက်ဆံတွေကိုလည်း လုယူ သွားကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရိုက်နှက် လုယက် ခံရမှုကြောင့် ဦးအောင်ဆန်းဝင်းသည် မျက်ခုံး ပေါက်ပြဲ၊ မျက်လုံး ရောင်ရမ်းခြင်းများ ဖြစ်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း အတူပါလာသူမှာလည်း မျက်နှာ ဖူးရောင် ဒဏ်ရာရခဲ့ကြောင်း စိန်လုံတောင်တန်း ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ ဖြစ်ဖြစ်ချင်း ညမှာပဲ အောင်ပင်လယ် ရဲစခန်းကို အကြောင်းကြားထားတယ်။ ဖြစ်စဉ်ကို တင်ပြထားပါတယ်။ အမှုတော့ မဖွင့်ထားပါဘူး” ဟု အဆိုပါ ရိုက်နှက် လုယက် ခံခဲ့ရသူ တစ်ဦးဖြစ်သူ ဦးသက်နိုင်ဝင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့စခန်းထံသို့ လာရောက် အကြောင်း ကြားထားပြီး အမှုမဖွင့်ထားသော်လည်း စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပြည်ကြီးတံခွန်မြို့နယ် အောင်ပင်လယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment