Pages

Wednesday, January 15, 2014

ထိုင်းနိုင်ငံရေးအခြေအနေများကြောင့် ရန်ကုန်-ဘန်ကောက် ကားလိုင်းပြေးဆွဲမှု ရပ်ဆိုင်း

RangonNewsDaily:: January . 14 .2014
ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံမှ ရန်ကုန်-အိန်္ဒိယနိုင်ငံအထိ ပြေးဆွဲနေသော နိုင်ငံဖြတ်ကျော် ကားလိုင်းသစ်ကို ပြေးဆွဲမှု ခေတ္တရပ်တန့်ထားကြောင်း အဆိုပါကား လိုင်းပြေးဆွဲသည့် ရန်ကုန် air bus အသင်းဥက္ကဋ္ဌ ဦးသာနိုင်က ပြောသည်။ အဆိုပါကားလိုင်း ရပ်တန့်ထားခြင်းမှာ ဒီဇင်ဘာနောက်ဆုံးပတ်ခန့်မှ လက်ရှိအချိန်ထိဖြစ်ပြီး ပြန်ဖွင့်မည့် အခြေအနေကို အတိအကျ မပြောနိုင်သေးဟုလည်း ၎င်းက ဆိုသည်။

ဦးသာနိုင်က “အခြေအနေတွေ ပြန်လည်ပြီးတော့ ငြိမ်သက်သွားရင် ပြန်ပြီးတော့ ကားလိုင်းကို ပြေးဆွဲ မှာပါ။ ခုတော့ ခေတ္တ ကားလိုင်းပိတ်ထားတဲ့ သဘောပါ”ဟု ပြောသည်။

အဆိုပါကားလိုင်းမှာ နိုဝင်ဘာ ၂ ရက်က စတင်ခြင်းဖြစ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန်၊ ရန် ကုန်မှတစ်ဆင့် အိနိ္ဒယနိုင်ငံ အင်ဖာမြို့အထိ ပြေးဆွဲခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်ကို ခရီးသည် ၃၆ ယောက်ဆန့် အဲကွန်းမီနီဘတ်စ်ကားစီးရေ ၂၀ ဖြင့် ပြေးဆွဲခြင်းဖြစ်ပြီး တစ်ပတ်လျှင် သုံးကြောင်း ပြေး ဆွဲကာ ခရီးစဉ်မှာ နှစ်ညအိပ် သုံးရက်ခရီးဖြစ်သည်။

အဆိုပါခရီးစဉ်အတွက် သတ်မှတ်ထားသည့် ဈေးနှုန်းများမှာ ခရီးစဉ်အစအဆုံး တစ်ကြောင်းလျှင် အမေ ရိကန်ဒေါ်လာ ၁၂၀ ခန့်ဖြစ်ပြီး ဘန်ကောက်မြို့ (ထိုင်းနိုင်ငံမှ) ရန်ကုန်အထိ ခရီးစဉ်အတွက် ကျပ် ၆၀, ၀၀၀ ခန့်နှင့် ရန်ကုန်မှ အင်ဖာမြို့ (အိန်္ဒိယနိုင်ငံ) အထိ ခရီးစဉ်အတွက် ကျပ် ၆၀,၀၀၀ ခန့် ကျသင့် သည်။

ယင်းသို့ ကားလိုင်းရပ်နားထားသည့်အပြင် လေယာဉ်ခရီးစဉ်တွင်လည်း ထိုင်းမှ မြန်မာသို့ ပြေးဆွဲသော MAI လေကြောင်းလိုင်း၏ ခရီးစဉ်တစ်ခေါက်လျှင် ခရီးသည်ဦးရေ ၉၀ နီးပါး စီးနင်းလေ့ရှိရာမှ ပြီးခဲ့သည့် ဇန်န၀ါရီလ ပထမပတ်မှစတင်ကာ ခရီးသည် ၅၀ ခန့်သာ ပါရှိတော့သည်ဟု MAI လေကြောင်းလိုင်းမှ ဈေးကွက်ဌာနတာဝန်ခံ ဒေါ်အေးမရသာက ဇန်န၀ါရီ ၁၃ ရက်တွင် မဇ္ဈိမ၏အင်တာဗျူးတစ်ခုကို ဖြေကြား ထားသေးသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘန်ကောက်တစ်မြို့လုံးကို ပိတ်ဆို့ဆန္ဒပြသည့် Bangkok Shutdown လှုပ်ရှားမှုကို ဇန်န၀ါရီ ၁၃ ရက်က စတင်ခဲ့ပြီး ဘန်ကောက်မြို့၏နေရာပေါင်း ၂၀ တွင် ပြည်သူ့ဒီမိုကရက် တစ် ပြုပြင်ပြောင်းလဲရေးကော်မတီက ဦးဆောင်ကာ ပိတ်ဆို့ဆန္ဒပြခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် အချက်အချာကျသော နေရာခုနစ်ခုကို ပိတ်ဆို့ကာ ၀န်ကြီးချုပ်ယင်လပ်ဦးဆောင်သည့် အစိုးရနုတ်ထွက် ပေးရေးအတွက် တောင်းဆို ဆန္ဒပြနေကြခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြမှုမှာ ဇန်န၀ါရီ ၁၄ ရက်အထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment