Pages

Sunday, September 8, 2013

ကျိုင်းတုံတွင် မူးယစ်ဆေးသုံးသည့်အမျိုးသမီး ဖမ်းမိ

RangonNewsDaily:: September 7, 2013

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အများဆုံးထွက်ရှိရာ ရွှေတြိဂံဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် စက်တင်ဘာလ ၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသမီးကို မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးများ သုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများနှင့်အတူ ဖမ်းဆီးရမိကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ကျိုင်းတုံမြို့နယ် ယန်းခအုပ်စု ကြိတ်ခေါင်ကျေးရွာနေ မအားမူ (၃၂) နှစ်၏ နေအိမ်သို့ မြို့နယ် မူးယစ်(အထူး)အဖွဲ့က ဝင်ရောက်ရှာဖွေရာ မအားမူနှင့်အတူ နေအိမ်အိပ်ရာဘေးရှိ အမျိုးသမီးကိုင်လက်ကိုင်အိတ် အတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၉၅ ပြားနှင့် ဘိန်းစိမ်း သုံးဂရမ်ခန့်၊ ဘိန်းရှူကိရိယာ တစ်ခု၊ ဆေးပြားရှူကိရိယာ တစ်ခုတို့ကို ရှာဖွေ သိမ်းဆည်းရမိကြောင်း ယင်းမြို့နယ် မှုခင်းမှတ်တမ်းများအရ သိရသည်။

"စိတ်ကြွဆေးပြားနဲ့ ဘိန်းစိမ်းတွေကို သူတို့ရွာက ဦးအားမဲ ကတစ်ဆင့် ဝယ်ပေးတယ်ပြောလို့ ဦးအားမဲအိမ်ကို ထပ်ရှာတော့ မူးယစ်ဆေးဝါးတော့ မတွေ့ရဘူး။ ကောင်မလေးက ယင်းထနေလို့ စကားတောင် ကောင်းကောင်းမပြောနိုင်ဘူး" ဟု မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများသည် လွန်ခဲ့သော တစ်လခန့်က မိုင်းဇင်းအုပ်စု ပန်ကုလားကျေးရွာနေ အားဖျောင် ၃၀ နှစ်ခန့်ထံမှ ဆေးပြား ၂၀၀ ပြားကို ကျပ်နှစ်သိန်း၊ ဘိန်းစိမ်း တစ်ကျပ်သားခန့်ကို သုံးထောင်ကျပ်ဖြင့် ဝယ်ယူသုံးစွဲရာမှ ကျန်ရှိသည့်ပစ္စည်းများ ဖြစ်ကြောင်း နှင့် အဆိုပါကွင်းဆက် တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ၄င်းကဆိုသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မအားမူနှင့် ဦးအားမဲ ၆၅ နှစ်တို့ကို မယ(ပ) ၄၃/ ၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၁၅/ ၁၉ (က)/၂၁ အရ အရေးယူထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

The Voice , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment